နွားထိုးကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး စစ်တပ်ရှိရာ ရွာသို့အသွား လမ်းတွင် အသတ်ခံရ

နွားထိုးကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး စစ်တပ်ရှိရာ ရွာသို့အသွား လမ်းတွင် အသတ်ခံရ

နိုဝင်ဘာ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ ၊ လက်ပန်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်စောအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု နွားထိုးကြီး ပြည်သူ့ ကာကွယ်ရေးတပ် (NPDF) က ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဦးစိန်စောသည် ယမန်နေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီ တပ်စွဲထားသည့် ဇေဒိတ်ကျေးရွာသို့ အသွားလမ်းတွင် အသတ် ခံရခြင်း ဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကျေးရွာ ရန်ပုံငွေများကိုလည်း သိမ်းယူထားသည်ဟု လက်ပန်ရွာခံ တစ်ဦးက ပြောသည်။

“မကြာသေးခင်တုန်းက သူက စစ်သားတွေ ခေါ်လာပြီး ဧည့်စာရင်း စစ်တဲ့အချိန် ရွာသားတစ်ဦးကို နားရင်းရိုက်တယ်။ ပြီးတော့ ရွာမှာ စုထားတဲ့ ပိုက်ဆံတွေနဲ့ နာရေးကား တစ်စီးကိုလည်း သူတို့ သိမ်းယူထားကြတယ်။ စစ်တပ်နဲ့ လာတာဆိုတော့ ဘယ်သူမှ မပြောရဲဘူးလေ။ ပြောရရင်တော့ စစ်တပ် နောက်ခံရှိတယ်ဆိုတာမျိုးနဲ့ ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ဇေဒိတ်ရွာသည် လက်ပန်ကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး အဆိုပါ အုပ်ချုပ်ရေးမှူးသည် ဇေဒိတ်ရွာသို့ ညစဉ် သွားရောက်အိပ်လေ့ရှိသည်မှာ တစ်လခန့် ကြာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီ တပ်သားများက အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး၏ အလောင်းကို ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ၎င်းနေအိမ်သို့ လှည်းဖြင့် တင်ဆောင်လာသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

နွားထိုးကြီးမြို့နှင့် ခုနှစ်မိုင်ခန့် အကွာတွင်ရှိသည့် လက်ပန်ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အုပ်ချုပ်ရေးမှူး အသတ်ခံထားရသည့် အတွက် စစ်သားများ လာရောက် မွှေနှောက်မည်ကို ရွာသားများက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required