လှိုင်မြို့နယ်တွင် ဧည့်စာရင်းဝင်စစ်ရာ အသက်မပြည့်​သေးသူများ အပါအဝင် လူ ၁၁ ​ဦးခန့် အဖမ်းခံရ

လှိုင်မြို့နယ်တွင် ဧည့်စာရင်းဝင်စစ်ရာ အသက်မပြည့်​သေးသူများ အပါအဝင် လူ ၁၁ ​ဦးခန့် အဖမ်းခံရ

နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁) ရပ်ကွက်တွင် ယမန်​နေ့ နိုဝင်ဘာလ ၂၄ ရက် ည ၁၁ နာရီခန့်က ဧည့်စာရင်းဝင်စစ်ခဲ့ရာ အသက်မပြည့်​သေး​သော က​လေးများ အပါအဝင် လူ ၁၁ ​ဦးခန့် အဖမ်းခံခဲ့ရ‌ ကြောင်း ဒေသခံများထံက သိရသည်။

"ဖြစ်စဉ်က ညနေပိုင်းဘူတာရုံလမ်းမမှာ ဆန္ဒပြသွားတာ၊ ညဘက်ကြတော့ အဲ့လမ်းမကို ဧည့်စာရင်းလာစစ်တာပဲ။ ဧည့်စာရင်းမတိုင်လို့ဖမ်းသွားတဲ့သူတွေလို့ ထင်တယ်။ စုစုပေါင်း၁၁ယောက်ပါ။ ဘူတာရုံလမ်းမကို ဝင်စစ်ရင်းက ကျား ငါး ဦး၊ မ တစ်ဦး အဖမ်းခံရတယ်။ အောင်သစ္စာလမ်းက မိသားစုကို ဖမ်းတာက​တော့ လင်မယားနှစ်ယောက်နဲ့ ကလေးသုံးယောက်ပါသွားတယ်။ က​လေး​တွေက ၁၅နှစ်၊ ၁၆ နှစ်​လေး​တွေပဲ ရှိ​သေးတယ်" ဟု ​​ဒေသတွင်း သတင်းများ​ ဖော်ပြ​ပေး​နေ​သော Hlaing Information ၏ တာဝန်ရှိသူက မဇ္စျိမ ကို ​ပြောသည်။

ယ​မန်​နေ့ ည​နေက ပြုလုပ်ခဲ့​သော Hlaing Defense Team အဖွဲ့၏ ဆန္ဒပြသပိတ်အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး​နောက် ထိုနေရာအနီးတစ်ဝိုက်တွင် စစ်​ကောင်စီတပ်သားများနှင့် ယာဉ်ထိန်းရဲများ ပူး​ပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့​​သေးကြောင်း ခရီးသွားပြည်သူများထံမှ တစ်ဆင့် သိရသည်။

"ရပ်ကွက်ထဲကို ဧည့်စာရင်းဝင်စစ်တာ ဟုတ်ပါတယ်။ ကျွန်မအထင်က​တော့ ည​နေက ကျွန်မတို့ဘက်မှာ ဆန္ဒပြသပိတ်ထွက်တာရှိလို့ ဖြစ်ပါလိမ့်မယ်။ ပါတဲ့သူ​တွေ ဝင်ဆွဲတာ​ပေါ့​လေ။ ဒါ​ပေမဲ့ ဘယ်သူဘယ်ဝါ ပါခဲ့ပါတယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီလိုပါပဲ၊ အ​ကြောင်းပြချက်​တွေ မျိုးစုံနဲ့ ယုတ်မာ​နေတာပါ။ အခုလည်း ဘယ်သူ​တွေ ဘယ်လိုပါသွားကြဦးမလဲ မသိနိုင်​သေးပါဘူး။ မင်း​အောင်လှိုင်ရဲ့ကျွန်​တွေက ​ကြောက်မလားလို့ဖြဲ​ခြောက်​လေ ကျွန်မ​တို့က​တော့ ​တော်လှန်​ရေးကို ဆက်ပြီး လုပ်​လေပါပဲ။ ကျွန်မ ဒီ​လောက်ပဲ​ ပြောချင်ပါတယ်" ဟု ​ဒေသခံအမျိုးသမီးတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

Double Cap နှစ်စီး၊ ရဲကားအကြီး တစ်စီးဖြင့် စစ်​ကောင်စီတပ်သားနှင့် ရဲ စုစု​ပေါင်းအင်အား ၂၀ခန့်က ဧည့်စာရင်း လာ​ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required