ကျောက်မဲမြို့နယ် ခန့်ခဲရွာအတွင်း လက်နက်ကြီးကျ၊ ဒေသခံ ၅၀၀ခန့် ထွက်ပြေးနေရ

0
234

ဓာတ်ပုံ – နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ (FB)

နိုဝင်ဘာလ ၆ ရက်။ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ရွာသား ၅၀၀ ခန့် လည်း နီးစပ်ကျေးရွာများသို့ ထွက် ပြေးတိမ်းရှောင်နေရသည်ဟု အကူအညီ ပေးနေသူများ က ပြောသည်။

ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်း၀င်းက “မနေ့က လက်နက်ကြီး အိမ်ပေါ်ကျပြီးတော့ သူတို့တစ်ယောက်ဒဏ်ရာ ရတယ်လို့ ကြားတယ် ပေါ့နော။ သူ့အခြေ အနေ က သူကို ကျောက်မဲဆေးရုံမှာ သူ့ကိုတင်ထားတာပေါ့နော ဆေးကုသမှုခံယူနေတယ်” ဟု ပြော သည်။

သို့သော် အဆိုပါလက်နက်ကြီးကို မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကို မသိရပေ။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ခန့်ခဲရွာသားမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကျောကုန်း၊ ရင်ဘတ်၊ နားရွက် နှင့် လက်မောင်းတို့တွင် ဒဏ်ရာရရှိထားသည်ဟု သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညက ခန့်ခဲကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ တွက် ခန့်ခဲကျေးရွာအုပ်စုမှ ကျေးရွာ ၃ ရွာရှိ ဒေသခံများမှာလည်း ကြောက်လန့်ကာ နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်း ရှောင်လာ ကြသည်ဟု ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ပေးနေသည့် အမည်မ ဖော်လို သူ နမ့်ခုံပရဟိတ အသင်းတာ၀န်ရှိသူတစ်ဦး က ပြောသည်။

အမည်မဖော်လိုသူ နမ့်ခုံပရဟိတ အသင်း၏ တာ၀န်ရှိသူတစ်ဦးက “ဒီနေ့တော့ နည်းနည်းလေး ငြိမ်သွား ပါပြီခင်ဗျ။ မနေ့တုန်းကတော့ နည်းနည်းလေးအပြင်းအထန်တော့ ဖြစ်ကြပါတယ်။ အခုက ရွာသားတွေ ကကတော့ မနေ့ညက ညကြီးဆိုတော့ ညတွင်းချင်း ပုံဝိုးကို ထွက်ပြေးတိမ်းရှောင် ကြတယ်။ လူအယောက် ၂၀၀ လောက်ရှိမယ်ခင်ဗျ။ ဒါပေမယ့် ခန့်ခဲရွာမှာလည်း ကျန်နေသေးတယ်။ ပုံဝိုးက ဘေးပတ်၀န်းကျင် က လည်း ပုံဝိုးထဲမှာ တစ်ချို့ကျတော့ အမျိုးအိမ်မှာ လာနေကြတယ်။ အားလုံးပေါင်းဆိုတော့ တွက်ကြည့် လိုက် မယ်ဆိုရင်တော့ လူဦးရေ ၅၀၀ လောက်ရှိမယ် ၃ ရွာကို”ဟု ပြောသည်။

လက်ရှိတွင် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ ပုံဝိုးဘုန်းကြီးကျောင်းတွင် နေထိုင်နေကြရပြီး စားသောက်ရေးအတွက် ဘုန်းကြီးကျောင်းနှင့် ဒေသအတွင်းရှိ ပရဟိတအသင်းများက ကူညီပေးနေ သည် ဟု အကူအညီပေးနေသူများက ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် RCSS/ SSA တို့ကြား တိုက်ပွဲများ ကြို ကြား ကြိုကြားဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ ယမန်နေ့အထိ ဖြစ် ပွားခဲ့သည်ဟု နမ့်ခုံပရဟိတအသင်း က ဆိုသည်။

“ပထမ ၃၀ ရက်နေ့ကတော့ ဒီပန်လော့ နမ့်ပြက်နားမှာ ဖြစ်တယ်။ ဖြစ်တော့ သူတို့ ပစ်ရင်းနဲ့သွားတာ ပေါ့ နော လမ်းကြောင်း ရှင်းလား ဘယ်လိုအဓိပ္ပာယ်နဲ့ပစ်ပြီးတော့ သွားလဲ ကျနော်လည်း မသိဘူး။ အဲမှာ တစ် ရက်နေ့ကျတော့ ဒီနမ့်ဝါ နမ့်ဝါဆိုတာ ဟဲကွီအုပ်စုပေါ့ ဟဲကွီအုပ်စု နမ့်ဝါရွာ နမ့်ဝါရွာမှာ သူတို့ဘေးနား ပတ် ၀န်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တော့ နမ့်ဝါက ပြည်သူလူထုက ဟဲကွီအုပ်စုကို လာ တယ်။ ၂ ရက်နေ့မှာလာတယ် ၃ ရက်နေ့ကျတော့ ပြန်သွားတယ်။ အဲမှာ ၄ ရက်နေ့ကျတော့ ခန့်ခဲရွာ ပတ် ၀န်းကျင်ပေါ့။”

စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ အကြား ပစ်ခတ်မှု ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အချို့ ပစ်ခတ်မှုများမှာ တိုက်ပွဲပုံစံမျိုး မဟုတ်ပဲ တပ်မတော်ဖက်မှ တစ်ဖက်သတ်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ပြောရေးဆို ခွင့်ရှိသူများကို သတင်းနှင့် မီဒီယာကွန်ရက် ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံပြည်သူများမှာ စား၀တ်နေရေးအတွက် ပြောင်းချိုး၊ စပါးစိုက် တောင်ယာခုတ် စသည့်တို့ကို သွားလာလုပ်ကိုင်ရာတွင် အခက်အခဲဖြစ်လာခြင်း၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကြောင့် ကြောက် လန့်နေရသည့်အတွက် လုပ်ကိုင်စားသောက်ရာတွင် ကျီးလန့်စာ စားနေရသည့် ဘ၀များဖြင့် နေနေရ သည်ဟု ဆိုသည်။

လက်ရှိတပ်မတော်နှင့် RCSS/SSA တို့ကြား စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မ တော် ၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါ၀င်ပြီး အဆိုပါဒေသအတွင်း တပ်မတော်မှ အခြား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အားမီ (NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here