လူသားချင်းစာနာမှုအကူအညီကိစ္စအတွက် မြန်မာခရီးစဉ် သွားခဲ့ခြင်းဖြစ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

လူသားချင်းစာနာမှုအကူအညီကိစ္စအတွက် မြန်မာခရီးစဉ် သွားခဲ့ခြင်းဖြစ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

နိုဝင်ဘာ ၂၆

မကြာသေးခင်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ခရီးစဉ်က လူသားချင်းစာနာမှု အကူအညီ ပေးပို့မှုကို ကြီးကြပ်ရန် သွားခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက နိုဝင်ဘာ ၂၅ ရက်တွင် ထိုင်းအောက်လွှတ်တော်ကို ပြောခဲ့သည်။

အကူအညီလိုအပ်နေသော မြန်မာပြည်သူများအတွက် ပုဂ္ဂလိက အဖွဲ့အစည်း ၁၇ ၊ ပြည်တွင်းနှင့် နိုင်ငံတကာတို့မှ လှူဒါန်းသော ဆေးပစ္စည်းများ အပါအဝင် အကူအညီပစ္စည်း တန်ချိန် ၁၅ တန်ကို ပေးပို့ရန် ၎င်းအနေဖြင့် မြန်မာသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု မစ္စတာ ဒွန်က ပြောသည်။ ၎င်း၏ နိုဝင်ဘာ ၁၄ ရက် မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ဖျူထိုင်းပါတီ လွှတ်တော်အမတ် ဆုတင် ကလွန်ဆန်း၏ မေးခွန်းမေးမြန်းမှုကို ဖြေကြားစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ထပ် အကူအညီပစ္စည်း နှစ်တန်ကို နောက်ပိုင်း တစ်ရက်ရက်တွင် ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အလှူရှင်များထဲတွင် ယူနီဆက်ဖ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Mae Fa Luang ဖောင်ဒေးရှင်းတို့ ပါဝင်သည်။

ခရီးစဉ် သွားရောက်ပြီး အကူအညီများ ပေးပို့ရေးနှင့်ပတ်သက်ပြီး မြန်မာနှင့်အကြား ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ရန် ထိုင်းသည် အကူအညီတောင်းခံထားရကြောင်း ၎င်းက ပြောသည်။

"အမေရိကန်နဲ့ အစည်းအဝေးတစ်ခုနောက်ပိုင်း အကူအညီပေးမှု လုပ်ပေးပါဆိုပြီး အခြား အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ကျွန်တော်တို့ ထိုင်းနိုင်ငံကို တောင်းဆိုထားခဲ့တာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာခရီးစဉ်သည် လူသားချင်းစာနာမှု အကြောင်းကိစ္စများနှင့် အမျိုးသား အကျိုးတရားတို့အတွက် သွားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာ ဒွန်က မြန်မာနှင့် ထိုင်းအကြား ကီလိုမီတာ ၂,၄၀၀ နယ်စပ်နယ်နိမိတ်ချင်းထိစပ်မှုကို ရည်ညွှန်းပြောသည်။

ထို့ပြင် ထိုင်း အစိုးရက မြန်မာကို COVID-19 ကာကွယ်ဆေးများ လှူဒါန်းပေးခဲ့သည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့သော ကာကွယ်ဆေး လှူဒါန်းမှုမျိုး ဆိုသည်မှာ အစိုးရအဖွဲ့နှင့် ကာကွယ်ဆေးထုတ်လုပ်သူများက လက်ခံအတည်ပြုပေးရန် လိုကြောင်း ၎င်းက ပြောခဲ့သည်။

မစ္စတာ ဒွန်၏ ခရီးစဉ်က ဖေဖေါ်ဝါရီ၌ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားခဲ့သည့် မြန်မာစစ်ကောင်စီကို တရားဝင် ဖြစ်မှု ပေးသလိုဖြစ်နိုင်သည် ဆိုသည့် လွှတ်တော်အမတ် မစ္စတာ ဆုတင်၏ ထင်မြင်ချက်ကို တုံ့ပြန်ရာတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပဋိပက္ခနှင့် ရင်ဆိုင်ရချိန်တွင် အပြုသဘောဆောင် အားထုတ်မှုများကို လုပ်ဆောင်ရနိုင်ကြောင်းနှင့် ၎င်းနှင့် မြန်မာစစ်ကောင်စီအကြား ဆွေးနွေးမှုများက အပြုသဘောဆောင်၊ အကျိုးရှိခဲ့ကြောင်း ပြောခဲ့သည်။

အဆိုပါ မြန်မာခရီးစဉ်သွားရောက်ခဲ့၍ လာမည့်လတွင် အမေရိကန်က အိမ်ရှင်အဖြစ် ကျင်းပမည့် ဒီမိုကရေစီဆိုင်ရာ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဖိတ်ကြားမခံရခြင်း ဖြစ်သည် ဆိုသည့် ဝေဖန်မှုများကို မစ္စတာ ဒွန်က ပယ်ချသွားခဲ့သည်။

"ဒါက တစ်မူထူးခြားတာမျိုးတော့ မဟုတ်ပါဘူး၊ ပြီးတော့ တခါတရံမှာ ဖိတ်ကြားခံ စာရင်းမှာ ကျွန်တော်တို့ မပါတာကို ကျွန်တော်တို့ ဝမ်းသာရပါတယ်၊ တကယ်လို့ ကျွန်တော်တို့ ဖိတ်ကြားမှုတစ်ခုကို ရရှိတယ်ဆိုရင် ဒါကို ကျွန်တော်တို့ လက်ခံသင့်သလား ဆိုပြီး ဆုံးဖြတ်ရဖို့ လိုလာပါတယ်၊ ကိစ္စအများအပြားမှာက အဲဒါမျိုးက သင့်လျော်တဲ့ အကျိုးဆက်ရော၊ မသင့်လျော်တဲ့ အကျိုးဆက်ရော နှစ်မျိုးစလုံး ရှိနိုင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required