spot_imgspot_imgspot_imgspot_img
Wednesday, June 12, 2024
spot_imgspot_imgspot_imgspot_img

ခမရ (၅၃၀) တပ်သားတစ်ဦး သေနတ်နှစ်လက်ယူဆောင်ပြီး KNDF ထံ ခိုလှုံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်က အသက် ၁၉ နှစ်အရွယ် တပ်သားတစ်ဦးဟာ သေနတ်နှစ်လက်ယူဆောင်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂)ထံ ခိုလှုံလာတယ်လို့ KNDF တပ်ရင်း (၂)က ရုပ်သံမှတ်တမ်းနဲ့ ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အဆိုပါတပ်သားမှာ စိုင်းပြည့်စုံဖြိုးဝေ ဖြစ်ပြီး ကချင်ပြည်နယ်ဇာတိဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးကြောင့် စစ်တပ်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ထဲမဝင်ခင် ကြုံရာ ကျပန်းပဲ လုပ်ကိုင်တာကြောင့် အဆင်မပြေတော့တဲ့အတွက် ပိုက်ဆံပေးမယ်လို့ ပြောဆိုတာကြောင့် စစ်တပ်ထဲရောက်ရှိသွားတယ်လို့ ထုတ်ပြန်ထားတဲ့ မှတ်တမ်းမှာ ပြောဆိုထားပါတယ်။

“အိမ်မှာက အဆင်မပြေတော့ သူတို့က ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ခေါ်တော့ဝင်ဖြစ်သွားတာပေါ့။ သင်တန်းကျတော့ သေနတ်တွေပစ်ရမယ်။ လေယာဉ်ပျံစီးရမယ်ဆိုပြီး ကိုယ်ဝါသနာပါတဲ့ သေနတ်ပစ်ချင်တာနဲ့ လေယာဉ်ပျံစီးချင်တာနဲ့ အဲ့နှစ်ခုသွားတိုက်ဆိုင်တော့ ဝင်ဖြစ်သွားတာ။ အလုပ်တွေတအားခိုင်းတယ် ပင်ပန်းတဲ့ဟာတွေဆိုတော့ လူက ခံနိုင်ရည်မရှိခါကျတော့ ဖြေရှင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်က ရဲဘော်အဆင့်ပဲဆိုတော့ မပြောနိုင်ဘူး။ ပြောရင် ကိုယ်ဖက်ကပဲ မှားတာဆိုတော့။ ကျေနပ်တာပေါ့ စစ်တပ်ထဲက ထွက်ခဲ့ပြီးတော့မှ CDM ထဲဝင်လာတာ။ အဲ့မှာက ကျဉ်းကြပ်တယ် အကျယ်ချုပ်လိုထားတာပေါ့ သူတို့က။ ဒီမှာက ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားချင်တဲ့နေရာသွားလို့ရတယ်။ ဟိုမှာက သူတို့ခိုင်းမှာ ဟိုသွားဆို သွားလိုက် အဲ့လိုနေရခါကျတော့ ကျဉ်းကြပ်တာပေါ့။”လို့ စိုင်းပြည့်စုံဖြိုးဝေက ပြောဆိုထားပါတယ်။

စစ်တပ်ထဲရောက်ရှိပြီး ၆လသင်တန်းတက်ရောက်ခဲ့ကြောင်း၊ လက်ရှိမှာ တပ်သားတာဝန်ထမ်းဆောင်တာ ၅လရှိပြီလို့ ဆိုပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်းမှာ ကင်းစောင့် တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ် နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော်ယူဆောင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထဲ တာဝန်ထမ်းဆောင်စဉ်က အဆမတန်ခံစားရတဲ့ ကျဉ်းကြပ်မှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ပင်ပန်းမှုဒဏ်ကိုမခံစားနိုင်တော့တဲ့အတွက် ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကရင်နီပြည်သူ့ရင်ခွင်ကို စိုင်းပြည့်စုံဖြိုးဝေ ရောက်ရှိသွားပြီလို့ KNDF တပ်ရင်း (၂)က အသိပေးထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်ထားတာ ရှိနေပါတယ်။

spot_img
spot_img

Recent posts