သတင်း

ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့အရှေ့ဘက် တောထဲသိုးကျာင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ချောင်းနေတာကြာပြီနဲ့တူပါတယ် အဲ့မှာသိုးအုပ်တစ်အုပ် နဲ့ သိုးကျောင်းသားပါသွားတာ သိုးကလည်းအုပ်လိုက်ကိုပါသွားတာ တစ်ခြားနွားကျောင်းတဲ့သူတွေရောရှိတယ်။ သူတို့ကတော့ လွတ်သွားတာပေါ့ သိုးကျောင်းနွားကျောင်းတဲ့သူတွေကလည်း ဘာမှမလုပ်လောက်ဘူးအဲ့လိုထင်ကြတာ ဟိုကောင်တွေကလည်းချောင်းနေတာနဲ့တွေ့သွားတာ “လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ သိုးကျောင်းသားဟာ ယာကြီးတောရွာက အသက် ၄၀ နှစ်အရွယ် ကိုဇော်ဌေးဆိုသူ ဖြစ်ပြီး ကိုဇော်ဌေးသေဆုံးချိန်မှာ ဇနီး နဲ့ ၁၅နှစ်အရွယ် သမီးဖြစ်သူတို့ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကံကြီးကုန်းရွာနားမှာ နယ်မြေလုံခြုံရေး လုပ်နေချန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ရုပ်အလောင်းနဲ့ လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ကံကြီးကုန်းပျူရွာဟာ စစ်ကောင်စီတပ်တွေရဲ့ အားထားရတဲ့ရွာဖြစ်ပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်ကရွာတွေကို မကြာခဏဝင်ရောက်စီးနင်းလေ့ရှိတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အဲ့ရွာက အာဏာသိမ်းပြီးသိပ်မကြာဘူးဗျ ပျူအင်အားကောင်းတဲ့ရွာဖြစ်လာတာ စစ်ကောင်စီရဲ့အားထားရ တဲ့ ပျူရွာဆိုလည်းဟုတ်တယ် ဘာ့ကြောင့်လဲဆိုတော့ မြစ်ကမ်းဘေးမှာလည်းရှိတယ် အချက်အချာကျတဲ့ နေရာ လုံးဝကိုအခိုင်အမာ လုပ်ထားတာလို့ ပြောပါတယ်။

ဒါ့ကြောင့် အဲ့ဒီကံကြီးကုန်းရွာနဲ့ အနီးတစ်ဝှိုက်က ဝယာရွာ၊ ယာကြီးတောရွာ၊ရွှေကျင်ရွာ နဲ့ ရွှေလှေရွာက ဒေသခံတွေလည်း ရွာထဲမနေနိုင်ဘဲ ဘေးလွှတ်ရာမှာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကံကြီးကုန်းပျူစောထီးရွာဟာ ချင်းတွင်းမြစ်ကမ်းနဘေးကရွာဖြစ်ပြီး ချောင်းဦးမြို့ရဲ့ အရှေ့တောင်ဘက် ၈မိုင်အကွာလောက်မှာရှိတဲ့ရွာကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ပြီးခဲ့တဲ့ဩဂုတ်လအထိကို စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈ သိန်းနီးပါး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်း တွေအရသိရပါတယ်။

Show More

Related Articles

Back to top button