စနေ၊ မေလ ၂၅ရက်၊ ၂၀၂၄

မောင်တောတွင် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အာဆာသံသယဖြင့် စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အာဆာ (ARSA) သံသယဖြင့် စစ်ကောင်စီ နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံလိုက်ရသူမှာ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ အသက် ၄ဝ အရွယ် အုပ်ချုပ်ရေးမှူး ဦးအာရ်နုဝါဖြစ်သည်။

သူ့ကို အောက်တိုဘာလ ၁ ရက်၊ နံနက်တွင် စစ်ကောင်စီလက်အောက်ခံ ငန်းချောင်းနယ်ခြားစောင့်ရဲက စခန်းထဲသို့ ဖုန်းဆက်ခေါ်ယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူနှင့်ရင်းနှီးသူတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောသည်။

“အဲဒီအုပ်ချုပ်ရေးမှူးက အာဆာအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်။ သူတို့ကို ထမင်းဘာညာကျွေးတယ်။ သူတို့ကို ထောက်ပံ့တာရှိမယ်။ အဲလိုမျိုးပေါ့။ အဲဒီကိစ္စနဲ့ စွပ်စွဲပြီးတော့ ဖမ်းတာပါ”ဟု ပြောသည်။

သူ့ကို လက်ရှိတွင် မောင်တောမြို့ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးတွင် ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယခုနောက်ပိုင်းက အာဆာအဖွဲ့များ ခြေရှုပ်လာနေပြီး ဒေသခံများကို ပြန်ပေးဆွဲ၊ ငွေညှစ်၊ လူသတ်မှုများ ကျူးလွန်နေ၍ ရက္ခိုင့်တပ်တော်(AA)ကလည်း စက်တင်ဘာလ ၁၉ ရက်မှစတင်ကာ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

AA က နယ်မြေရှင်းလင်းမှုများကို အထူးသဖြင့် ဘူးသီးတောင်မြို့နယ်တွင် အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။ (NN-16)

ဆက်စပ် သတင်းများ