spot_imgspot_imgspot_imgspot_img
Saturday, June 1, 2024
spot_imgspot_imgspot_imgspot_img

အာဏာရှင်ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြဖို့ NUCC အင်အားစုတိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းအသီးသီး အပြင် ပြည်သူလူထုအားလုံးလည်း အတူတကွ ဆက်လက် တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အင်အားစုက တိုက်တွန်းပြောဆိုပါတယ်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီ အာဏာသိမ်းတာ ၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်၊ အဖွဲ့အစည်းက ခေါင်းဆောင်တွေရဲ့ တိုက်တွန်းအားပေးစကားပြောကြားတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားကြတာဖြစ်ပြီး NUCC က ထုတ်ပြန်ထားတာပါ။

NUCC မှာ ဖွဲ့စည်းထားတဲ့ ကော်မတီအသီးသီးရဲ့ ဆောင်ရွက်မှုတွေဟာ ၃နှစ်တာကာလထဲကို ရောက်ရှိလာပြီဖြစ်သလို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဘုံနိုင်ငံရေး သဘောထားရပ်တည်ချက်၊ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ကဏ္ဍတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

NUCC မှာ ပါဝင်တဲ့ လက်နက်ကိုင်အစုအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ပဒိုစောလှထွန်းက “သုံးနှစ်တာကာလအတွင်းမှာလည်း NUCC အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးတို့ကနေ ကြိုးစားဆောင်ရွက်နေတဲ့ စိန်ခေါ်မှု၊ ခက်ခဲမှု၊ ပင်ပန်းမှုတွေကိုလည်း စာနာ နားလည်ရင်းနဲ့ ကျနော်တို့တွေရဲ့ ကြားမှာ တူညီတဲ့နားလည်မှု အပြန်အလှန် လေးစားအသိအမှတ်ပြုအောက်ကနေ ပါဝင်ဆွေးနွေးခဲ့ရတဲ့အတွက်လည်း ဒီအဆင့်ထိကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ရှေ့ဆက်အကောင်အထည်ဖော်ရမယ့် အနာဂတ်နိုင်ငံတော်သစ်အတွက် အတူတကွ စုပေါင်းပါဝင်ကြဖို့၊ ရှေ့ဆက်မှာလည်း ပေးဆပ်မှုတွေနဲ့ အာဏာရှင်ချုပ်ငြိမ်းရေးအလွန် ကျနော်တို့တည်ဆောက်ချင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုလည်း ပြည်သူလူထုတွေအပါအဝင် အားလုံးစုပေါင်းပြီးတော့ အတူတကွ တိုက်ပွဲဝင်ကြပါစို့ “လို့ NUCC က ထုတ်ပြန်ထားတဲ့ တိုက်တွန်းစကားပြောတဲ့ ဗီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောတူညီချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချေမှုန်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို စစ်ရေး၊ နိုင်ငံရေးတပ်ပေါင်းစု အားလုံးနဲ့ လူထု အတူတကွ သွားနိုင်မှ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်တယ်လို့ NUCC အဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောဆိုထားပါတယ်။

“အခုဆိုရင် တော်လှန်ရေးအောင်ပွဲ အသီးအပွင့်တချို့ကို စတင်တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီလောက်နဲ့ ရပ်တန့်နေလို့မရပါဘူး ဒီလောက်နဲ့ကျေနပ်နေလို့မရပါဘူး။ ရှေ့ဆက်ပြီး အတူတကွ အလုပ်တွေအများကြီးလုပ်ကြရပါအုံးမယ်။ ဒါမှသာလျှင် ကျမတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက် သွားနိုင်မှာဖြစ်ပါတယ်။” လို့ သူက ပြောဆိုထားပါတယ်။

စစ်အာဏာရှင်အဆုံးသတ်နိုင်ရေးအတွက် ဂျန်ဒါ အခြေပြုပြီး အမျိုးသမီး၊ LGBT ကိုယ်စားပြုမှုအသံကိုလည်း လျစ်လျူရှုလို့မရသလို အားလုံး အသိအမှတ်ပြုပြီး အတူတကွပါဝင်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ တိုက်တွန်းစကားပြောဆိုမှုမှာ အသိပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဦးဆန်းဝင်းက “စနစ်ပြောင်း နိုင်ငံရေးပုံစံတစ်ခု တည်ဆောက် တဲ့နေရာမှာ ကျနော်တို့ဟာ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေတဲ့အပြင် ကျနော်တို့ဘုံသဘောထားရပ်တည်ချက် တူညီတဲ့ ပြင်ပနိုင်ငံရေးအင်အားစုများကိုလည်း ဖိတ်ခေါ်စည်းရုံးပြီး ပြည်သူလူထုရဲ့ မျှော်မှန်းချက်ကို အမြန်ဆုံး ရရှိအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ကောင်စီ(NUCC) မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်အခြေပြုပြု နဲ့ လူမျိုးအခြေပြုအတိုင်ပင်ခံကောင်စီ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီများ၊ အစုအဖွဲ့အသီးသီး ပါဝင်ပါတယ်။

spot_img
spot_img

Recent posts