Home
မြန်မာသတင်း
ဝန်ထမ်းများကို ဘဲဥ ၁၀ လုံး ထောက်ပံ့မည်ဟု စစ်ကောင်စီ ဒုဝန်ကြီးပြော
DVB
·
October 3, 2023

ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အောက်တိုဘာလက စတင်ကာ လစဥ် ဘဲဥ ၁၀ လုံးစီ ပုံမှန်ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်မင်းထက်က ပြောပါတယ်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက ‌နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာရှိတဲ့ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမမှာ ဒုဝန်ကြီးက လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းတွေနဲ့  တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘဲဥ ၁၀ လုံး ထောက်ပံ့ဖို့အရေး  ဒီအစည်းအဝေးကို အမှုထမ်း /အရာထမ်း ၂၀၀ နီးပါး အချိန်လုကာ တပ်ရောက်ခဲ့ရတဲ့ကိစ္စ အားကာဝန်ထမ်းတွေအကြား ဝေဖန်မှုတွေလည်းရှိနေတယ်လို့ ဦးစီးအရာ ရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရဲချုပ်ရာထူးက ပြုတ်ပြီး ဒီဘက်ရောက်လာကတည်းက ကြောင်နေတာ ဘာတွေပြောမှန်းမသိတာ။ ဒီနေ့အစည်းအဝေးကို အလုပ်တွေပစ်ပြီး အကုန်တက်ရတာ။ ပြောတာက (-) တလွဲတွေ။”

ဒါ့အပြင် မြန်မာဘောလုံးအသင်း အရှေတောင်အာရှမှာ ပထမဆုရရှိအောင် လုပ်ဖို့ လူငယ်ရေးရာဦးစီးဌာနမှာ တာဝန်ရှိတယ်လို့လည်း ပြောဆိုခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

"ဘောလုံးအသင်း ပထမရအောင်လုပ်ဖို့ဆိုတာ ကိုယ်ကနည်းပြမှမဟုတ်တာ မဖြစ်နိုင်တာတွေ အရမ်းပြောတာ။ ဘဲဥဆယ်လုံးနဲ့  ဌာနက အလုပ်ရှုပ်ဦးမယ် မယုံရင်ကြည့်နေ"လို့ ဝေဖန်ပြောဆိုပါတယ်။

ဒုဝန်ကြီးဦးဇင်မင်းထက်နဲ့ တွေ့ဆုံပွဲကို ဦးစီးအရာရှိ ၂၀၀ နီးပါးတက်ရောက်ခဲ့ပြီး ဌာနအတွက်လိုအပ်တဲ့ ရုံးသုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့နဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ်ဆိုပြီး ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒုဝန်ကြီး ဦးဇင်မင်းထက်ဟာ အရင်က ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို တာဝန်ယူခဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ  အရပ်ဘက်ကို ပို့ဆောင်ခံရတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024