Home
မြန်မာသတင်း
ထားဝယ်နှင့် လောင်းလုံးမြို့တို့တွင် ပစ်ခတ်မှုများဖြစ်
DVB
·
February 1, 2024
Laung Lone_01022024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့ပေါ် ကမ်းနားရပ်ကွက်တချို့၊ လောင်းလုံးမြို့နဲ့ ကျေးရွာတချို့မှာ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။

လောင်းလုံးမြို့ပေါ်ရှိ စရဖရုံး၊ ရဲစခန်းနဲ့ စာရင်းစစ်ရုံးတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထားဝယ်မြစ်တဖက်ကနေ လက်နက်ကြီးနဲ့ ပြန်လှန်ပစ်ခတ်တဲ့အတွက် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုရှိသလို အရပ်သား ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိခဲ့ပါတယ်။

လောင်းလုံးမြို့ပေါ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်မေးမြန်းရာ လက်တလော ဖြေကြားဖို့ အစီစဥ်မရှိသေးဘဲ တိုက်ပွဲသတင်း သီးသန့်ထုတ်ပြန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှာလည်း လောင်းလုံးမြို့နယ် မောင်းမကန်ရွာက နယ်မြေရဲစခန်းကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ နဲ့ လောင်းလုံး ပကဖ က ဒရုန်းစစ်ဆင်ရေးနဲ့ မြေပြင်စစ်ဆင်ရေး ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦတခု မီးလောင်ပျက်စီးကာ ရဲစခန်းအတွင်း တပ်သား ၂ ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံးပကဖက အတည်ပြု ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြစ် တဖက်ကမ်းမှာရှိတဲ့ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းတွေမှာ ဇန်နဝါရီ ၃၁ ရက် ည ၉ နာရီဝန်းကျင်ကစလို့ ၂ နာရီနီးပါး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။

အဲဒီလို ပစ်ခတ်သံတွေ ကြားပြီးတဲ့နောက် လဲကျ​နေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းကို စစ်တပ်ကားနဲ့ လာသယ်သွားပြီး စောမိညိုလမ်းက လယ်စောင့်တဲတလုံးကို မီးရှို့ခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

“ညက စစ်သားတွေ လဲကျနေတာ ၅ ယောက်လောက်ရှိတယ်။ အငိုက်ထိသွားတာလား မသိဘူး။ ညဘက် မြို့ထဲကိုဝင်လာတုန်း ပစ်ခံရတာ။ သေနတ်သံတွေ ဆက်တိုက်ကြားပြီးမှာ လက်နက်ကြီးသံက အချက်ရေ တော်တော်များများ ကြားရတယ်။ အားလုံး ၂ နာရီနီးပါးလောက်ရှိတယ်။”

ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာတော့ အသံတိတ်သပိတ် မပြုလုပ်မီ မနက် ၁၀ နာရီ မတိုင်မီကတည်းက လူသူအသွားအလာ နည်းပါးနေပြီး စစ်ကောင်စီက ထူးထူးခြားခြား လှုပ်ရှားတာမျိုးတော့ မတွေ့ခဲ့ရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ဇန်နဝါရီလ နောက်ဆုံးအပတ်က ဘန်းချောင်ဒေသမှာ အခြေကုပ်ယူထားတဲ့ စစ်ကောင်စီ တပ်ရင်း ခလရ ၂၇၃ ရဲ့ ကျောက်ထု စစ်ဆင်ရေး ခြေကုပ်စခန်း သိမ်းယူခံရပြီးနောက် မြို့ပေါ်ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ပျူစောထီးတွေလည်း စခန်းစွန့်ခွာမှုတွေ ရှိလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024