မန္တလေးတွင် PDF တပ်ရင်း ၄ ခု ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်မည်ဟု ဆို

By 007 (မဇ္ဈိမ)
03 October 2023
မန္တလေးတွင် PDF တပ်ရင်း ၄ ခု ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်မည်ဟု ဆို

မန္တလေးမြို့ကို  မန္တလေးပြည်သူလက်ထဲ ပြန်ထည့်ပေးနိုင်ရန်အတွက် မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းလေးခု ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်သွားမည်ဟု တပ်ရင်းတာဝန်ရှိသူ အသီသီးက မဇ္ဈိမကို အတည်ပြု ပြောသည်။

“ရွေပြည်စိုး စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး မန္တလေးခရိုင် PDF  တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)နှင့် အခြားသော မဟာမိတ်များ၊ LDP၊ PDF တပ်ရင်းများ၊ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်မည့် စစ်ဆင်ရေးဟု အသိပေးထားသည်။

“မန္တလေးကိုတတ်နိုင်သမျှကယ်နိုင်ဖို့၊ သိမ်းနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ရ ခြင်းဖြစ်တယ်။  ကျွန်တော်တို့ ရင်း လေးရင်းပူးပေါင်းပြီး တိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ်။ အခုထက်ပိုမိုပြီး နယ်မြေပြန်လည်စိုးမိုးဖို့ မန္တလေးကို ပြန်ယူပေးနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေနဲ့ ပြန်လည်တိုက်ခိုက်သွားမှာပါ” ဟု မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၆) ၏ ဒု- တပ်ရင်းမှူး ဇင်ကြီးက မဇ္ဈိမကို ပြောသည်။

PDF တပ်ဖွဲ့ဝင်များသည် လေ့ကျင့်ရေး ပြည့်ဝပြီးသား ဖြစ်သည့်အပြင် မြေပြင်တွင် တိုက်ပွဲများလည်း ဆင်နွှဲနေကြခြင်းကြောင့် အထူးတလည် ပြင်ဆင်စရာ မရှိသော်လည်း လက်နက်ခဲယမ်း လိုအပ်ချက်သာ အဓိကဟု ဒု- တပ်ရင်းမှူး ဇင်ကြီးက ဆိုသည်။

“လက်နက်ခဲယမ်းသာ ပြည့်စုံရင် စစ်ခွေး(စစ်ကောင်စီ တပ်ဖွဲ့ဝင်)တွေအတွက် အိပ်မက်ဆိုးဖြစ်စေရမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းဖြည့်တင်းရန် “ရွှေပြည်စိုးကမ်ပိန်း” ကိုလည်း တပြိုင်နက်တည်း ပြုလုပ်နေကြောင်း ကမ်ပိန်းတာဝန်ခံ မပန်ထွာက မဇ္ဈိမကို ပြောသည်။

“စကစရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မန္တလေးမြို့ကို စစ်ရေးအရ ပြန်လည်စိုးမိုးမှု ရယူဖို့ ရည်ရွယ်ပါတယ်။ အဓိက အနေနဲ့တော့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု တာဝန်ခံ မပန်ထွာက ပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှု လှုပ်ရှားသည့် မြို့ပြ‌ေပြာက်ကျား တပ်ဖွဲ့ဝင်များ ဆက်တိုက်ဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ မြို့ပြတိုက်ခိုက်မှုများ အထိုက်အလျောက် လျော့ကျသွားသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေဆဲ ဖြစ်သည်။

လက်ရှိမှာ အဆိုပါ မန္တလေးခရိုင် PDF တပ်ရင်း (၃) ၊ (၄) ၊ (၅) နှင့် (၆) တို့သည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ စစ်ကိုင်းနှင့် မန္တလေးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖော်ဆောင်နေပြီး လက်သံပြောင်သည့် တပ်ဖွဲ့များအဖြစ် ဒေသခံများအကြား နာမည်ကျော်သည်။

 

မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ၏ တပ်ရင်းမှူး ဗိုလ်နက္ခတ်က တော်လှန်ရေး အမြန်ဆုံး အပြီးသတ်သွားနိုင်အောင် ပြင်ဆင် ဆောင်ရွက်နေကြောင်း မဇ္ဈိမကို ပြောသည်။

“မန္တလေးသားတွေရဲ့လက်ထဲကို မန္တလေးမြို့ကိုပြန်လည်ပေးအပ်နိုင်အောင်၊ တော်လှန်ရေးအပြီးသတ်သွားနိုင်အောင် ကြိုးစားပြီးတော့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ စစ်ရေးအရချပြလို့မရ တာတွေရှိပါတယ်။  ကျွန်တော်တို့ ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ပါဘူး။ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက်၊ စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြပါ။  ကမ်ပိန်းမှာ အားဖြည့်ပေးကြဖို့တောင်းဆိုပါတယ်” ဟု ဗိုလ်နက္ခတ်က ပြောသည်။

PDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီ စိုးမိုးထားသော မန္တလေးမြို့ကို  ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းနေသကဲ့သို့ တဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက PDF များ ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

ထို့ပြင် မန္တလေး PDF၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းနှင့် နောင်ချိုမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း “လမ်းများအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို ဇွန်လမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly