သတင်း

တိုက်ပွဲ ဒေသဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလထဲ မနောပွဲတော်ကြီးကျင်းပဖို့ စီစဉ်နေတဲ့အပေါ်မှာ ဒေသခံတစ်ချို့က မလုပ်ဖို့ တောင်းဆို ကန့်ကွက်တာတွေရှိပေမယ့် စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ၅ ရက်သာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မနောပွဲတော်ကြီးကို ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီကနေ ဦးဆောင်ပြီးတော့ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် လက်ရှိ စစ်ကောင်စီတာဝန်ရှိတဲ့သူတွေနဲ့လည်း ညှိနှိုင်းထားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဗန်းမော်ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

ပြည်သူတွေက မလုပ်စေချင်ဘူး ဒါပေမယ့် ပွဲလုပ်ဖို့ စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးသွားပြီလို့သိရတယ်။ ပွဲလုပ်ဖို့အတွက် မနှစ်တုန်းကနေ ပြင်ဆင်နေတာ အဲချိန်တုန်းကတော့ နိုင်ငံရေးကောင်းသေးတယ်လေ။ ပြီးရင် အဲ့တုန်းက တစ်ချို့နေရာတွေမှာတောင် လုပ်နေကြသေးတယ်။ အခုက နိုင်ငံရေးကပိုရှုပ်လာတော့ တစ်ချို့လူကြီးတွေက ပွဲပြန်ရွှေ့ဖို့ ပြောတယ်လို့ကြားတယ်။ ဒါပေမယ့် တစ်ချို့က သဘောမတူတော့ဘူးပြောတယ်လို့ပြောပါတယ်။

ဗန်းမော်မှာ ၅ ရက်သာ ကျင်းပပြုလုပ်မယ့် မနောပွဲအစီအစဉ်ဖိတ်စာ

ဒေသခံပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ မနောပွဲတော်ကို နိုင်ငံရေးအခြေနေတည်ငြိမ်မှုရှိသွားတဲ့နောက်ပိုင်းမှသာ ကျင်းပဖို့ ယဉ်ကျေးမှု ကော်မတီဝင်တစ်ချို့က တောင်းဆိုနေကြပေမယ့် အဲထဲမှာ စစ်တပ်နဲ့ နီးစပ်ပြီး ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင် ခရိုနီတစ်ချို့ မနောပွဲတော်ကို လုပ်ဆောင်သွားမယ့် သဘောမှာရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ ကချင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ Hkyet Hting Nan နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့က ဗန်းမော်ခရီးစဉ်သွားရောက်တဲ့အခါမှာ မနောပွဲဖြစ်မြောက်ဖို့ လုပ်ဆောင်နေတဲ့ ရိုရားအဖွဲ့ဝင် လူကြီးတစ်ချို့က ရိုးရာ ပလိုင်းကိုင်ဆောင်ပြီး မနောပွဲကျင်းပမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မြသီတာအေးရိပ်သာမှာ သွားရောက်တွေ့ဆုံပြောဆိုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ ကောင်စီအဖွဲ့တွေဖြစ်ကြတဲ့ Hkyet Hting Nan နဲ့ ဒေါ်ဒွဲဘူတို့ကလည်း မနောပွဲတော်ကြီးကို ဖြစ်အောင်လုပ်ကြဖို့ ထောက်ခံပြောဆိုသွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မှာ လူစည်ကားသိုက်မြိုက်စွာနဲ့ မနောပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့ အပေါ် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ယောက်က အခုလိုကန့်ကွက်ပြောဆိုထားပါတယ်။

ကျမတို့လူမျိုးတွေက အောက်ကနေအမြစ်ပြတ်အောင်အထိ ဆွဲနုတ်ချင်နေတဲ့အချိန်မှာ ရိုးရာပွဲတွေနဲ့ လူစည်စည်ကားကားနဲ့ ပြန်ပြီး လုပ်လာမယ်ဆိုရင်တော့ မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ဘူး မှားယွင်းနေတာဖြစ်တယ်လို့ လို့ ပြောဆိုပါတယ်။

လက်ရှိမှာလည်း ဗန်းမော်ခရိုင်မှာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင်လည်း အားလုံးနဲ့ သက်ဆိုင်တဲ့ ရိုးရာပွဲတွေ မလုပ်သင့်သေးဘူးလို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ယောက်ကလည်း အခုလိုပြောပါတယ်။

လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာတော့ အကြောင်းအရင်း ၂ ခုတော့ရှိပါတယ်။ ဒီအချိန်မှာ ကျနော်တို့ ဒေသမှာ ဒေသတည်ငြိမ်နေတာလား။ ဒါတွေကိုကြည့်ပြီးတော့ လုပ်သင့်တယ်လို့မြင်တယ်။ ပြီးရင် မြန်တစ်နိုင်ငံလုံး ယှဉ်ပြီးကြည့်မယ် ဆိုရင်လည်း ဒါက မလုပ်သင့်ဘူးလို့မြင်တယ်လို့ပြောပါတယ်။

မနောပွဲတော်ကြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီးတော့ ဖွင့်ပွဲအနေနဲ့ ဂေါက်ရိုက်ပြိုင်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြီးတော့ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိကတော့ မနောပွဲကျင်းမှာဖြစ်တယ်လို့ သိရပါတယ်။

မနောပွဲကို ဆောက်လုပ်ပြီးစီးထားတဲ့ မနောကွင်း မုဒ်ဦး၊ မနောတိုင်၊ မနောရင်ပြင် နဲ့ ၄ ကြိမ်မြောက် ဆွတ်မနောကောက်သစ်စားပွဲ (Nlung Nnan) စတဲ့ အစီအစဉ်တွေနဲ့အတူ ၅ ရက်သာ ပြုလုပ်ကျင်းပသွားမယ်ဖြစ်တယ်လို့လည်း ဗန်းမော်ခရိုင် ရိုးရာနဲ့ စာပေယဉ်ကျေးမှု ဗဟိုကော်မတီကလည်း ကြေညာထားပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဘက်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ရိက္ခာတင်ပို့တဲ့ စစ်ကားယာဉ်တန်းတွေ ဗန်းဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်ယန်ဘက်ကို ဆက်တိုက် ထိုးဝင်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ စစ်ရေးတင်းမာမှုနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button