spot_imgspot_imgspot_imgspot_img
Sunday, June 9, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ပြည်သူ့စစ်ကို လက်နက်တပ်ဆင်ပေးပြီး ပအိုဝ်းအချင်းချင်းကြား သွေးချောင်းစီးအောင် လုပ်ဆောင်နေကြောင်း PNFC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပအိုဝ်းပြည်သူ့စစ်ဖြစ်တဲ့ (PNO/PNA) ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ပအိုဝ်းလူမျိုးအချင်းချင်းကြား သွေးချောင်းစီးအောင် လုပ်ဆောင်နေတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်အာဏာရှင်တွေကတော့ ပအိုဝ်းတွေအချင်းချင်းကြားမှာ လက်နက်တွေ ချပေးပြီးတော့မှ ကျနော်တို့ ပအိုဝ်းအချင်းချင်းကို သွေးချောင်းစီးအောင် လုပ်တော့မှာဖြစ်ပါတယ်။ လုပ်နေတာဖြစ်ပါတယ်။ ဒါတွေကိုလည်း မဖြစ်ဖို့ ကျနော်တို့ အလေးအနက် ပန်ကြားပါတယ်”လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြည်သူ့စစ်ဖြစ်တဲ့ PNO ဟာ လတ်တလောမှာလည်း ပအိုဝ်းပြည်သူတွေကို လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓမ္မ စေခိုင်းနေတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်မိတယ်လို့ ခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

“အခုတော့ဒီလိုပေါ့နော်။ လူငယ်တွေကို နှစ်ပတ်လောက် သင်တန်းပေးပြီး လက်နက်တွေ ထုတ်ပေးတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ကတော့ ကြားနေရတယ်။ အဲ့တော့ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ကတော့ ဒါ အင်မတန် စိတ်မကောင်းစရာဖြစ်တဲ့ကိစ္စဖြစ်ပါတယ်” လို့ ခွန်မြင့်ထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ရက်နေ့ကစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO ကနေ ဒေသခံတွေကို လုံခြုံရေးအတွက်ဆိုပြီးခေါင်းစဉ်တပ်ကာ တပ်သားအဖြစ် ခေါ်ယူစုဆောင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ နဲ့ လက်အောက်ခံ PNO တပ်ဖွဲ့တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေပေါ်မူတည်ပြီး ဘာသာရေး၊ အမျိုးသားရေး၊ ဒေသကာကွယ်ရေး နဲ့ အကြောင်းပြချက်ပေးပြီး ပအိုဝ်းလူထုတွေကို အတင်းအကြပ် ဖိအားပေးပြီး လက်နက်ကိုင်ခိုင်းနေတာဖြစ်တယ်လို့ PNFC က ဆိုပါတယ်။

ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်အောင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ လာရောက် ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ပြည်သူ့စစ် (PNO၊ PNA )ကို ပန်ကြားထားတာရှိတယ်လို့ ဆိုပါတယ်။ PNFC အနေနဲ့ လူမျိုးပေါင်းစုံပြည်သူတွေကို ကာကွယ်ဖို့အပြင် ပအိုဝ်းအမျိုးသားအချင်းချင်းကြားမှာဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်စေမှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းဖြေရှင်းနည်းကို အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးနေတယ်လို့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က အသိပေး ထုတ်ပြန်ထားတာရှိပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၃၇ကြိမ်နဲ့အထက် အသုံးပြုတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ ပျက်စီးမှု များပြားခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts