တိုက်ပွဲသတင်း

အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်အင်အား ၁၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော်(ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်တို့ဟာ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းကနေစပြီး မနေ့က အောက်တိုဘာ ၁၀ရက်နေ့အထိ အင်းတော်ဗန်းမောက်လမ်းပိုင်း အင်းတော်နယ် ရှိမြသီတာကျေးရွာနဲ့ ကျွဲကောလေး ကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အင်းတော်PDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

သူတို့က အင်အား ရာဂဏန်းလောက်ပါတယ် ဒီဘက်ကိုဝင်လာခဲ့တာပေါ့အဲ့မှာ ဒီဘက် ကာကွယ်ရေးပူးပေါင်းတပ်တွေက မြသီတာနားကနေ ကြားဖြတ်တိုက်တာဟိုနေ့လည်းဖြစ်တယ် မနေ့ကလည်းထပ်ဖြစ်တယ် အဲ့မှာပဲလို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုက အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းဝင်လာချိန် မိုင်းဆွဲရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မနေ့က မွန်းလွဲပိုင်းအထိ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

တစ်နေကုန်ကြီးတော့မဟုတ်ဘူး ပစ်လိုက်နားလိုက်ဖြစ်တာ စစ်တပ်ဘက်ပထမနေ့တုန်းကနေ့လည်ပိုင်းလောက်ထိဖြစ်တယ်မနေ့ကတော့ ညပိုင်း၁နာရီ ကနေစတာပါ့။စကစ(စစ်ကောင်စီတပ်)ဘက် အထိအခိုက်တော့များတယ် ကာကွယ်ရေးဘက် ကထောင်တဲ့မိုင်းနှစ်မိလို့တစ်ယောက်ခြေပြတ်ပြီးတချို့လည်းဒဏ်ရာရတယ်တဲ့လို့ အထက်ဖော်ပြပါ တာဝန်ရှိသူကပြောပါတယ်။

နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ ကြောင့်စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးသူတွေရှိခဲ့သလို ကာကွယ်ရေးတပ်ဘက်ကလည်း ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင်းမြသီတာနဲ့ကျွဲကောလေးကျေးရွာနေပြည်သူတွေထွက်ပေးခဲ့ရသလို လမ်းပိုင်းလည်း အသွားအလာပြတ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီရက်ပိုင်းတိုက်ပွဲ ဖြစ်တော့အင်းတော်ဗန်းမောက်လမ်းကတိတ်ဆိတ်သွားတယ် အခါတိုင်းရက်တွေကလမ်းပိုင်း ခြေနေမကောင်းပေမယ့်နည်းနည်းလူသွားလာတာရှိတယ် ဟိုနေ့ကရယ်ဒီနေ့ရယ်တော့မရှိဘူးလို့ အင်းတော်ဗန်းဗောက်လမ်း လမ်းပိုင်းမှာနေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ခုရက်ပိုင်း အင်းတော်နယ်မှာ စစ်ကောင်စီတပ်အချိန်းအပြောင်းကြောင်းစစ်ရေးလှုပ်ရှားမှုနဲ့ ကင်းပုန်းဝပ်တာတွေပိုမိုလှုပ်ရှားလာသလို အရပ်သားဖမ်းဆီးခံရတာတွေလည်းရှိလာနေပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ နန်းကင်ကျေးရွာဝင်စီးခံရပြီး လူငယ်အမျိုးသား ၂ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

Show More

Related Articles

Back to top button