သတင်း

ခွန်စိုင်ဇွပ် ဒေသခံ ၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးသွားပြီး ငွေသား သိန်း ၂၀၀ ကျော် လုယူသွား

ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက  ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော် ကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီလောက်ကနေ ရက်ပိုင်းအတွင်းမှာပဲ နန့်ယားစစ်တပ်မှာရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့နဲ့ နန့်ယာပြည်သူ့စစ်အဖွဲ့ နဲ့အတူ စစ်အင်အား ၂၀ လောက်က ဆိုင်ဖရာနဲ့ ခွန်စိုင်ဇွပ်စတဲ့ ကျေးရွာတွေမှာ ဝင်ရောက်လာတဲ့အချိန် ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ လုံးခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က KNG ကို ခုလိုပြောပါတယ်။

နန့်ယားပြည်သူ့စစ်အဖွဲ့တွေက ဦးဆောင်ပြီးတော့ အခုအသစ်ရောက်နေတဲ့ လက်ကူးချောင်းဆိုတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက ဆိုင်ဖရာကျေးရွာကို အရင်ဝင်လာတယ်။ အဲ့မှာ ဒေသခံ ၂ ယောက် သေနတ်နဲ့ပစ်ဖို့လုပ်တာ ထွက်ပြေးသွားလို့။ ပြီးနောက် ခွန်စိုင်ဇွပ်ကို ပြန်ဝင်တယ် အဲ့မှာ ရွာသား ၂ ယောက်ကို ပြန်ဖမ်းသွားတယ်။ ဖမ်းသွားတဲ့ အချိန်မှာပဲ ငွေ သိန်း ၂၀၀ ကျော် လည်း ယူသွားပေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ရွာသား ၂ ယောက်မှာ ခွန်စိုင်ဇွပ်ရွာသားတွေဖြစ်ကြပြီးတော့ ဦးလတောလ်နော်ဂျာ (Latau Nawja)နဲ့ ဦးဆိုင်းလီဘရန် ၂ ယောက်ကို နေအိမ်ထဲမှာရှိနေတဲ့အချိန်မှာပဲ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် လုယူသွားတဲ့ ငွေကျပ် သိန်း ၂၀၀ ကျော်  မှာ ဖမ်းဆီးခံရတဲ့ ဦးလတောလ်နော်ဂျာရဲ့ ပိုင်ဆိုင်ငွေဖြစ်ပြီး အဲဒီငွေဟာ မြေကွက်ရောင်းထားရာကနေ ရရှိထားတဲ့ ငွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီဖမ်းဆီးခံရတဲ့ ရွာသား ၂ ယောက်ကို နန့်ယားစစ်တပ်ကုန်းမှာ ဖမ်းဆီးထားပြီး ဒေသခံရွာသားတွေအနေနဲ့ လာရောက်ထုတ်ယူတာမရှိရင် သတ်ဖြတ်လိုက်မယ်ဖြစ်တယ်လို့ ငြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဖမ်းသွားတာက မနက်ပိုင်းဆိုတော့ ဘယ်သူမှ မသွားရဲဘူးဖြစ်နေတယ်။ သူတို့က နန့်ယားစစ်တပ်ထဲမှာ ဖမ်းထားတာ နန့်ယားဘက်က သူတွေ ပြောလာတာက လာထုတ်တဲ့ သူတွေမရှိဘူးဆိုရင် သတ်လိုက်မယ်လို့ ပြောတာနေတာတဲ့။ ကြောက်လို့ မသွားရဲကြဘူး ခက်နေတာလို့ပြောပါတယ်။

လက်ရှိ ဖားကန့် လမ်းတစ်လျှောက် နန့်ယာစစ်တပ်ကုန်းမှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၀ ရက်နေ့ ဖားကန့်မြို့ဘက်ကနေဆင်းလာတဲ့ စစ်ကြောင်းဖြစ်ပြီး အဲဒီ စစ်ကြောင်းတွေဟာ နန့်ယားပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ကျေးရွာနေရာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ ကျောက်ထုရွာက ဒေသခံ ၅ ယောက်နဲ့ ကပ်မှော်ရွာက ဒေသခံရွာသား ၃ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းအရင်းမရှိဘဲ နန့်ယားစစ်တပ်ဂိတ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကျောက်ထုရွာက ဖမ်းဆီးခံရတဲ့ ၅ ယောက်မှာ ဦးအောင်ရွှေသိန်း၊ ကို ဘိုဘိုစိုး၊ ကိုတာညေး၊ ကိုရွှေ၊ ဦးတိုး နဲ့ ကပ်မှော် ရွာက ဖမ်းဆီးခံရတဲ့ ၃ ယောက်ကတော့ ဦးရှန်ထိန်းတူး၊ ကိုလရှီးလ၊ ဦးအင်ခွန်ဇော်ခွန် တို့ဖြစ်ပါတယ်။

လက်ရှိမှာ ယနေ့ ဖမ်းဆီးခံရတဲ့ ခွန်စိုင်ဇွပ်ရွာသား ၂ ယောက်အပါ မနေ့က ဖမ်းဆီးသွားတဲ့ ၈ ယောက်၊ စုစုပေါင်း ဒေသခံရွာသား ၁၀ ယောက်ကို စစ်ကောင်စီတပ်ဖမ်းဆီးထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ လဆန်းပိုင်းထဲမှာပဲ မိုးကောင်းမြို့နယ်ဘက်ကနေ စစ်အင်အား ၆၀ ဝန်းကျင်လောက်က ဖားကန့်မှာရှိတဲ့ စစ်တပ်ကုန်းနေရာမှာ အင်အားပို့ချထားခဲ့ပြီး လက်ရှိမှာ အဲဒီ စစ်အင်အားတစ်ချို့နဲ့ နန့်ယားပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ ဖားကန့်လမ်းမပေါ်မှာ စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်လာတာဟာ ဖားကန့်လမ်းမပေါ်မှာရှိတဲ့ KIA ဂိတ်စခန်းတွေကို ရှင်းလင်းဆောင်ရွက်ဖို့ရန်အတွက် လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Show More

Related Articles

Back to top button