Thursday, April 25, 2024

ကျောက်မဲ ဟူးကွက်ဒေသခံ (၂)ဦး မိုင်းနင်းမိ ဒဏ်ရာရ

Must read

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ဟူးကွက်ကျေးရွာဒေသခံ(၂)ဦး ယနေ့ (စက်တင်ဘာ ၁၅)ရက် တွင် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုမိုင်းနင်းမိသူများသည် ကျောက်မဲမြို့နယ် ဟူးကွက်ဒေသခံ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ရွာအပြင်တွင် မိုင်းနင်းမိခဲ့တာဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်းမှာ မိုင်းနင်းမိတာလို့ကြားတယ်၊ ကျား တစ်ယောက်၊ မ တစ်ယောက်ပါ၊ တစ်ယောက်က သတိလစ်သွားတယ်လို့တော့ ကြားတယ်၊ ရွာကနေ ကျောက်မဲဆေးရုံကို သယ်လာပြီ” ဟု ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အသက် (၆၀)ဝန်းကျင် အမျိုးသားမှာ ခြံသွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသက် (၄၀)ဝန်းကျင် အမျိုးသမီးမှာ နွားသွားရှာရင်း ရွာအပြင်ဘက်တွင် မိုင်းနင်းမိဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၇)ရက်နေ့က RCSS/SSA နှင့် SSPP/SSA ၊ TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားကာ ဟူးကွက်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ်(၄)လုံးခန့် ပျက်စီးခဲ့ရပြီး ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ကျေးရွာအဝင်အထွက် လမ်းများကိုလည်း ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခု (၂၀၂၁)ခုနှစ်အတွင်း မိုင်းနင်းမိဒဏ်ရာရသူ (၁၀)ဦးဝန်းကျင်ရှိနေပြီး သေဆုံးသူ (၁)ဦး ရှိနေကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article