ဒေါင်းမင်းစစ်ဆင်ရေးက ရဲကင်းစခန်းသိမ်း

ဒေါင်းမင်းစစ်ဆင်ရေးက ရဲကင်းစခန်းသိမ်း

စက်တင်ဘာ ၁၄

ထားဝယ်ခရိုင်အတွင်းရှိ သဲချောင်းကြီးရဲကင်းစခန်းကို ဒေါင်းမင်းစစ်ဆင်ရေးဟုခေါ်သော ပြည်သူကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ယာယီသိမ်းပိုက်ခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးအပြောအရသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီး ရဲကင်းစခန်းကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းအချိန်က ဒေါင်းမင်းစစ်ဆင်ရေးက ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ဆင်ရေးအချက်အလက်များ ၊ ညွှန်ကြားချက်များ ရရှိခဲ့ပြီး ရဲစခန်း ဆိုင်းဘုတ်နှင့် အချို့အရာများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

“ အဲဒီရဲကင်းစခန်းက သရက်ချောင်းမြို့နယ်အတွက် စစ်တပ်နဲ့ရဲ အထိုင်ချတဲ့စခန်း ပါ။ ဝင်စီးတဲ့အချိန် စစ်သားနဲ့ရဲ သုံးယောက် ၊လေးယောက်လောက်က တောင်ပေါ်တတ်ပြီး ထွက်ပြေးသွားကြတယ်။ လက်နက်တော့မရလိုက်ဘူး။ စစ်ဆင်ရေး စာရွက်စာတမ်းတွေရလိုက်တယ်။သမ္မတ ကြီး ဦးဝင်းမြင့်ပုံကို ပြန်ယူလာနိုင်ခဲ့တယ်”ဟု တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သဲချောင်းကြီးစခန်းတွင် ပတ်ဝန်းကျင်ဒေသစစ်ဆင်ရေးလုပ်ရန်အတွက် အရေးပါသော စခန်းဖြစ်သည်ဟု ဒေါင်းမင်းတပ်ဖွဲ့ကရှု့မြင်သည်။

ဒေါင်းမင်းစစ်ဆင်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၇ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးထက်မနည်း ရှိခဲ့သည်။

သဲချောင်းကြီးစခန်းတွင် အထိုင်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့်က စက်တင်ဘာ ၇ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ သရက်ချောင်းမြို့နယ် ရေပူလမ်း နှင့် တောင်ဇင်းလမ်းမမှတစ်ဆင့် ကရင်တောင်ပျောက်တိုက်နယ်သို့ဝင်ရောက်ခဲ့သည်။

ရေပူဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်တို့ နံနက် ၇ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

ရေပူကျေးရွာ ဖြစ်စဉ် နှင့်ပတ်သက်ပြီး ဒေါင်းမင်းအဖွဲ့ဝင်တစ်ဦးက “ကျည်ဆံထုတ်မရလို့ သွေးလွန်ပြီး ဗိုလ်တစ်ဦးသေတယ်လို့သိရတယ်။ ကျန်တာက စစ်သား နှစ်ဦး သေတယ်။ နောက် ရေပူမှာပဲ သူတို့တပ်စွဲလိုက်တယ်။ရွာထဲက နေအိမ်တစ်လုံးကို မီးရှို့ပြီး အခြားနေအိမ်တစ်လုံးက ငွေ ၁၂သိန်းနဲ့ ဆန်အိတ်တွေကို ယူသွားကြတယ်။ ရွာသား ရှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ် “ ဟု ဆိုသည်။

ယင်းနေ့ ညနေပိုင်းအချိန်တွင် ရေပူကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို ကျွဲခြံ တံတားအဆင်း တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားအသေးတစ်စီး ထိခိုက်မှုရှိခဲ့သည်။ ထို့အပြင် အနီးနားရှိ တောင်ပျောက်ကျေးရွာ သင်္ချိုင်းအနီးတွင်လည်း ထိတွေ့မှုဖြစ်ခဲ့သည်။

ထို့နေ့ မွန်းလွဲပိုင်းအချိန်တွင် တောင်ဇင်းလမ်းမဘက်က ဝင်ရောက်လာသည့် စစ်ကြောင်းနှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်တို့ ကျောက်အိုင်ကျေးရွာ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့သည်။

ထို့နောက် ကျောက်အိုင်ကျေးရွာအနီး ည ၇နာရီအချိန်တွင် တဖန်ပြန်တွေ့ရာ ၈ နာရီကျော်အချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required