D Day ခေါ်ပြီး နှစ်လအတွင်း အာဏာသိမ်းအဖွဲ့ ပျောက်ပျက်နိုင်တယ်လို့ PDF တွေပြော

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.08.02

NUG အမျိုးသားညီညွတ်ရေးအစိုးရက D Day ခေါ်ပြီး လအနည်းငယ်အတွင်း အာဏာသိမ်းစစ်အုပ်စု ကျဆုံး ပျောက်ပျက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေးသမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် မိမိတို့ဒေသအလိုက် ရရာလက်နက်နဲ့ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရက ဆက်သွယ်ကူညီပေးနေသလို NUG အစိုးရကိုယ်တိုင်ကလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းအသင့်ပြင်နေတယ်လို့ ဆိုပါတယ်။ တပြည်လုံးအနှံ့ စတင်တိုက်ခိုက်မယ့် နေ့ရက်ကို NUG က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် လများမကြာမီ စတင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါပြီ။

"လက်ရှိအချိန်အထိ ရဲဘော် ၁ဝ ယောက်ကျရင် နောက်ထပ် အယောက် ၂ဝ တက်လာတယ်။ လက်နက်ရှိခြင်း မရှိခြင်းထက် တကယ်တမ်းက စိတ်ဓာတ်တွေနဲ့ပဲ တိုက်သွားနေတာပါ"

လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ PDF တွေရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဖက်က ၁ဝ ယောက်ကျဆုံးခဲ့သလို အဲဒီစစ်တပ်ကလည်း ကျေးရွာသား ၄ဝ ခန့်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တဦးက RFA ကိုပြောပါတယ်။ အခုလို စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို သူတို့ အရှုံးပေးမှာလား။

“ကျနော်တို့ ကနီမြို့နယ်ကတော့ NUG က လက်နက်ကောင်း တပ်ဆင်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် လက်ရှိအချိန်အထိ ရဲဘော် ၁ဝ ယောက်ကျရင် နောက်ထပ် အယောက် ၂ဝ တက်လာတယ်။ လက်နက်ရှိခြင်း မရှိခြင်းထက် တကယ်တမ်းက စိတ်ဓာတ်တွေနဲ့ပဲ တိုက်သွားနေတာပါ။ ကျနော်တို့နောက်မှာ NUG ရှိတယ်ဆိုရင်ပဲ ကျနော်တို့ အားတက်သရော တိုက်ခိုက်နေကြမှာပါပဲ”

186045187_126900722951185_7739017791207496085_n.jpg
ဇူလိုင်လ ၂၈ ရက်နေ့က KNDF က ထုတ်ပြန်သည့် PDF အဖွဲ့ဝင်လူငယ်များ လေ့ကျင့်ရေးဆင်းနေကြသည့်မြင်ကွင်း။ (Photo: KNDF)

ဒီအတောအတွင်း ကယားပြည်နယ်မှာတော့ KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်အောက်မှာ တော်လှန်ရေး အင်အားစုတွေ ပေါင်းစည်းပြီး NUG အစိုးရကြေညာမယ့် D Day ခေါ် တပြည်လုံးတော်လှန်ရေး စတင်မယ့် နေ့ရက်ကို သူတို့အသင့်ပြင်စောင့်ဆိုင်းနေကြပြီလို့ တော်လှန်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

“ကယားပြည်နယ်မှာ PDF တွေက အများကြီးရှိတယ် အဲဒီထဲမှာ ကျနော်တို့က KPDF အနေနဲ့ လှုပ်ရှားတာတွေရှိခဲ့တယ်။ ခုကျတော့ KNDF က မူဝါဒတွေ ပြောင်းလာတာနဲ့အမျှ ကျနော်တို့ရဲ့သဘောထားတွေကို သူတို့က လိုက်လျောတာတွေ ရှိတယ်။ KNPP ကလည်း ကယားပြည်နယ်မှာ ဦးဆောင်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတော့ ကျနာ်တို့ကို တွဲခေါ်လာတာတွေ ရှိတော့ အခုနောက်ပိုင်း အဆင်ပြေလာပါတယ်။ ကျနော်တို့ KPDF ကလည်း EAO တွေနဲ့ အဆင့်ဆင့် ညှိနှိုင်းပြီးတော့ KNDF အောက်မှာ လှုပ်ရှားနေပြီ။ အခု KNDF အောက်မှာ တပ်ရင်း ၁၉ ခုရှိတယ် နောက်ထပ် ၂ဝ နဲ့ ၂၁ လာဖို့ရှိတယ် NUG က D Day ခေါ်ပြီး စတိုက်ပြီဆိုရင် ကျနော်တို့က ready ဖြစ်နေပြီ။ အကုန်လုံးကို ဖြည့်ဆည်းနိုင်တာ မဟုတ်ပေမဲ့ တပ်ရင်း တော်တော် များများမှာ လက်နက် အပြည့်အစုံရှိနေပြီ။ ကျနော်တို့ အခု အဓိကက NUG ရဲ့ D Day ကိုစောင့်နေတာ”

166731552_4542974452404091_7859006756982269529_n.jpg
ဇူလိုင်လ ၆ ရက်နေ့က PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ မြင်ကွင်း။ (Photo: PDF)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းကာ လက်ရှိမှာ နိုင်ငံအနှံ့အပြားက PDF တွေကို ချိတ်ဆက် သင်တန်းပေးနေတဲ့ CDM စစ်တပ်အရာရှိတဦးကလည်း PDF တွေဖမ်းဆီးမိပြီဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သြဇာခံတွေ ကြေညာပြောဆိုနေတာတွေဟာ ကျဆုံးမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းမျှဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“အခုဆန္ဒပြနေတဲ့ကလေးတွေ ရှိတယ် ပြောက်ကျားဆန္ဒပြနေကြတာ ဟိုကထွက်လိုက် ဒီကထွက်လိုက် - အဲဒီ အပြစ်မရှိတဲ့ ကလေးတွေကို ဖမ်းတယ်။ ဖမ်းပြီး ရှေ့မှာသေနတ်တွေ ဘာတွေချပြီး ဖောက်ခွဲဖျက်ဆီးရေး ဆိုပြီး လုပ်တယ်။ တကယ့် မြေပြင်ခေါင်းဆောင်တွေ ဖမ်းဆီးခံရတဲ့အထဲမှာ မပါပါဘူး။ နောက်တခုက သူတို့ အခု အိမ်စောင့်အစိုးရ လုပ်တာက မင်းအောင်လှိုင်က သူက ထွက်ပေါက်ပိတ်သွားပြီ။ ပြည်သူက သူတို့ကို လုံးဝမထောက်ခံတော့ဘူး တပ်တွင်းမှာလဲ လှိုက်စားနေပြီ။ ကိုဗစ်နဲ့ပတ်သက်ပြီး အထဲကလူတွေက ဘယ်သူမှမယုံတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်ဆးရုံမှာတက်တာ ဗိုလ်မှူးကြီးလောက်ပဲ လက်ခံပြီး အောက်ခြေဆို လုံးဝလက်မခံတော့ဘူး ကုမပေးတော့ဘူး”

တဆက်တည်းမှာပဲ သူက လာမယ့် စက်တင်ဘာလောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ အကျပ်အတည်းနဲ့ အကြီးအကျယ်ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“Conventional Warfare နဲ့တော့ ကျနော်တို့ မနိုင်ဘူး ဒါပေမဲ့ Guerilla Warfare နဲ့နိုင်မှာ။ Guerilla Warfare က အခုအချိန်မှာ ကျစ်ကျစ်လျစ်လျစ် စုဖွဲ့နေတဲ့ အချိန်ဖြစ်တယ်။ အရင်တုန်းက လူငယ်တွေက လက်နက်မှမကိုင်ဘူးတာ။ သူတို့ ဆန္ဒပဲပြခဲ့ကြတာ- ဆန္ဒပြတယ် ဖမ်းခံရတယ်ဆို speak out ပါပေါ့ - ဒါပေမဲ့ ပြောက်ကျားမှာ speak out လုပ်တော့ ကိုယ့်ရဲ့ တည်နေရာ location ကို သိသွားတာ ထင်ရှားတဲ့ ဥပမာပြောရမယ်ဆိုရင် မန္တလေး PDF ဖြစ်စဉ်ပေါ့၊ တကယ်တော့ မန္တလေး ပွဲက ကိုယ့်ဘက်က အကြီးကြီး နိုင်ရမဲ့ပွဲ။ ပေါက်ကြားလို့ ရှုံးသွားတာ။ တကယ်တော့ ပြောက်ကျား က ပြောက်ကျားဆန်ဆန်တိုက်ရမှာပဲ။ ဆံပင်ညှပ်ဆရာက ဆံပင်ညှပ်ရင်း သတ်သင့်ရင် ဖျတ်ကနဲ ထသတ်ပြီး ပြန်ပြီး ဟန်မပျက် ဆံပင်ပြန်ညှပ်ရမှာပဲ။ ဘီယာ သောက်နေတဲ့သူကလဲ သောက်ရင်းနဲ့ ဒိုင်းကနဲထသတ်ပြီး ပြန်သောက်ရမှာပဲ။ ကျနော်သုံးသပ်တာက သူတို့ ၉ လပိုင်းဆိုရင် တော်တော် ကြပ်တည်းပါပြီ။ ဘာလို့လဲဆို သူတို့ဘယ်လိုမှ အုပ်ချုပ်လို့မရလို့ပဲ”

209498479_941528073086624_2787945643736088556_n.jpg
ဇူလိုင်လ ၆ ရက်နေ့က PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ မြင်ကွင်း။ (Photo: PDF)

ကယားပြည်နယ်ရှိ တော်လှန်ရေးခေါင်းဆောင်ကလည်း NUG က D Day စတင်ပြီးလပိုင်းအတွင်း စစ်အာဏာရှင်အုပ်စု ပျောက်ပျက်သွားမှာပဲလို့ ပြောပါတယ်။

“အခု NUG ကလဲ အားကောင်းနေတယ် အဲဒီနောက်မှာ PDF တွေက တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်က ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ သွားနေတာ။ ဦးမန်းငြိမ်းမောင်ပြောသလို NUG တို့ PDF တို့က ပျောက်ပျက်သွားမှာမဟုတ်ဘူး။ ပြိုကွဲသွားမှာ မဟုတ်ဘူး။ D Day ခေါ်ပြီး ၂ လအတွင်းမှာ ဦးမန်းငြိမ်းမောင်အပါအဝင် စစ်ကောင်စီက ပျောက်ပျက်သွားမှာ သူတို့အခေါ် အိမ်စောင့်အစိုးရလည်း ပျောက်သွားမှာပဲ”

ဒီအတောအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို သြဂုတ်လ ၁ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် စည်းရုံး၊ လှုပ်ရှားကူညီသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့တာ မြင်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မအလ ဘပု
2021-08-04 05:35

ပြည်သူတွေအားလုံး(အရွယ်စုံ)NUG,PDF တွေနဲ့ပူးပေါင်း၍ သူယုတ်မာ မင်ေအာင်လှိုင်ကိုတိုက်ထုတ်ရန် အသင့်ဖစ်နေကြပါပြီ။

linlatkoko9001
2021-08-06 00:10

အာဏာအရူးရယ် ရောဂါထူးရယ် ကုန်ဈေးနှုံးရယ်က မြန်မာပြည်ကြီးကို သနားကြင်နာမှုမရှိခဲ့ဘူးဆိုတာ မြန်မာပြည်သူအားလုံးသိနေပါပြီ ဒါကြောင့် အထက်ပါ အချက်(3)ချက် ကို အတူလက်တွဲ ပြီး တိုက်ထုတ်ကြရအောင်ဗျာ