သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံး စေလွှတ်ဖို့ ကန် တိုက်တွန်း


(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်ကို အမြန်ဆုံး စေလွှတ်ဖို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ စီးပွားရေး ဝန်ကြီးတွေနဲ့ တနင်္လာနေ့က အွန်လိုင်း တွေ့ဆုံရာမှာ တိုက်တွန်းလိုက်တာဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံ အသင်းက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပေမဲ့ မြန်မာနိုင်ငံကို အခုအချိန်အထိတော့ မသွားရသေးပါဘူး။

အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် အလေးအနက် စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပြဿနာတွေနဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို အာဆီယံက ဦးဆောင်ဖြေရှင်းဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေဟာ ထင်သလောက် အရာမရောက်တဲ့အကြောင်း အသင်းဝင် နိုင်ငံတခုဖြစ်တဲ့ စင်္ကာပူနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishanan ကလည်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG