မြိတ်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။
မြိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ သည်ဟု ရွာသားများက ပြောသည်။
ဧပြီလ ၁ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က တုံးဗျောကျေးရွာအုပ်စုရှိ နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွာ သားများက ပြောသည်။
“သေနတ်သံကြားရတာ အချက်ရေများတယ်။ လက်မောင်းနဲ့ ကျန်နေရာတွေ အားလုံး လေးချက်ထိတယ် ကြား တယ်။ ညဘက်ဆိုတော့ သွားမကြည့်ရဲကြဘူး” ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခံရသူ အသက် ၄၅ နှစ်ခန့် အရွယ် ဦးစိန်သန်းသည် တုံးဗျောကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သည့်အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ရပ်ကျေးဥက္ကဋ္ဌ နှင့် ပျူစောထီး ခေါင်းဆောင်တစ်ဦး လည်းဖြစ်သည်ဟု သိရသည်။
တုံးဗျောငယ်ကျေးရွာတွင် နေထိုင်သည့် ဦးစိန်သန်းကို မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ လက်နက်ကိုင် တစ်စု က လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦး က ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးသည် လက်ရှိအချိန်တွင် မြိတ်စစ်ဆေးရုံ၌ ဆေးကုသမှု ခံနေရပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတိအကျမသိရသေးဘူးဟု ရွာသားများကပြောသည်။
ထိုသို့ အုပ်ချုပ်ရေးမှူး ဦးစိန်သန်း ပစ်ခတ်ခံရပြီူနောက်တွင် တုံးဗျောငယ်ကျေးရွာ ရှေ့လမ်းမကြီး ပေါ် သွားလာ နေကြသည့် ခရီးသွားလာသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တင်းတင်းကြပ်ကြပ် စစ်ဆေးရှာဖွေမှုများ ပြု လုပ်နေသည်ဟု သိရသည်။
တုံးဗျောငယ်ကျေးရွာသည် အိမ်ခြေတစ်ရာကျော်ခန့်ရှိသည့် မြိတ်-တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီး ပေါ် တွင် တည်ရှိပြီး လယ်ယာနှင့် ဥယျဉ်ခြံမြေစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု ကြသည့် ကျေးရွာ တစ် ရွာဖြစ်သည်ဟု သိရသည်။