သတင်း

မန္တလေးတွင် မီတာခ မဆောင်သည့်အိမ်များကို စစ်ကောင်စီ မီးလိုက်ဖြတ်

မန္တလေးမြို့တွင် စစ်ကောင်စီ ဝင်ငွေမရစေရန် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ခြင်းမပြုသည့် နေအိမ်များကို လျှပ်စစ်မီး လိုက်လံဖြတ်တောက်နေသည်ဟု ရပ်ကွက် ၃ ခုတွင် နေထိုင်သူတချို့က ပြောသည်။  

ဇန်နဝါရီ ၁၈ တွင် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်းနှင့် ၃၃ လမ်းအနီးတွင် လျှပ်စစ်ရုံးဝန်ထမ်းတို့က လက်နက်ကိုင်တစ်ဦးနှင့်အတူ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ မီးဖြတ်နေသည်ကို တွေ့မြင်ရကြောင်း ထိုရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“သေနတ်ကြီးနဲ့ စစ်သားပါ ပါတယ်။ အရပ်ဝတ်က လေးဦး။ ကျွန်မတို့ တစ်တန်းလုံးပဲ အဖြတ်ခံရတာ။ နောက်နေ့ကျ (မီတာခ) သွားဆောင်လိုက်ရတာပေါ့။ မီးက မရှိမဖြစ်၊ လုပ်ငန်းနဲ့မို့” ဟု သူက ပြောသည်။ 

မီတာဆောင်ပြီးနောက် ပြန်လည်၍ လာရောက် မီးတပ်ဆင်ပေးကြောင်း၊ မဆောင်ခဲ့သည့် ၁၁ လတာ ကာလပေါင်း၍ ကျသင့်ငွေနှင့် ဒဏ်ကြေးပါ သိန်းချီ၍ပေးရကြောင်း ယင်းအမျိုးသမီးက ဆက်ပြောသည်။ 

“တချို့အိမ်တွေကဆို ပိုက်ဆံမရှိလို့ ခွဲဆောင်ပေးပါ့မယ်၊ တောင်းပန်တာလည်း မရဘူး။ တစ်လုံးတည်းပဲ ဆောင်ခိုင်းတာ။ ကြောက်ကြတော့ ချေးငှားဆောင်ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

အလားတူ ဒီဇင်ဘာ ၂၈ ကလည်း ၂၆ လမ်းနှင့် ၂၇ လမ်း (လမ်း ၉၀ နှင့် ၉၁ လမ်း) အနီး ပုလိုင်းရပ်ကွက် မြောက်ပိုင်းတွင် လက်နက်ကိုင် အင်အားအများအပြားနှင့် လိုက်လံမီးဖြတ်ခဲ့သည်ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။ 

“(လျှပ်စစ်မီး) ဖြတ်ခံရတဲ့အိမ်များတယ်။ မဆောင်ကြဘူး။ တချို့ကျလည်း မတတ်နိုင်ဘူးလေ။ ခုက စားဝတ်နေရေးတွေ ကျပ်တည်းနေကြရတာဆိုတော့ မဆောင်နိုင်ကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားက ပြောသည်။ 

“တချို့ကျတော့လည်း ဒင်းတို့ကို အခွန်မပေးဘူး။ ပြည်သူ ပစ်သတ်မဲ့ ကျည်ဆန်ဖိုး မပေးဘူးဆိုတဲ့စိတ်နဲ့ တော်လှန်နေကြတာ”

စစ်ကောင်စီ ဝင်ငွေရလမ်းကို ပိတ်ဆို့ကြရန် ကာလကြာရှည် တိုက်တွန်း လှုံ့ဆော်ထားသော်လည်း ညီညီညွတ်ညွတ်ရင်ဆိုင်ရန် အခြေအနေမပေးသေးကြောင်း ထိုအမျိုးသားက ပြောသည်။ 

“လက်ဖက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေ မီးမရှိမဖြစ်တဲ့လုပ်ငန်းတွေဆို သိန်းဆယ်ချီ ဆောင်ကြရတာ။ ပြဿနာတစ်ခုက ရပ်ကွက်တွေမှာက မညီကြတာ။ ဆောင်တဲ့အိမ်ကများရင် မဆောင်တဲ့အိမ်အတွက်က အန္တရာယ်ရှိတယ်။ တချို့ကျလည်း တစ်ရပ်ကွက်လုံးကို ညီကြတာ” ဟု ၎င်းက ဆက်ပြောသည်။ 

မဟာအောင်မြေမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဆက်လက် ကြံ့ကြံ့ခံရင်ဆိုင်သွားမည်ဟု ဆိုသည်။

“ကျွန်မတို့ရပ်ကွက်က မီးလာဖြတ်တာတော့ မလုပ်သေးဘူး။ မီတာစာရွက်တော့ ပေးသွားပြီ။ ဆောင်ဖို့ မရှိပါဘူး။ သူတို့ (စစ်ကောင်စီ) သက်ဆိုးရှည်အောင် အားမပေးနိုင်ဘူး၊ မီးဖြတ်ရင် မီးစက်သုံးမယ်၊ ထင်းမီးနဲ့ ချက်မယ်”ဟု အသက် ၃၅ ဝန်းကျင်အရွယ် ထိုအမျိုးသမီးက ပြောသည်။ 

ဓာတ်အားခတောင်းခံလွှာတွင် ပါရှိသည့် ကျသင့်ငွေသည် အမှန်တကယ်အသုံးပြုခဲ့သည်ထက် များပြားနေသည်ဟု ဆိုသည်။

“တစ်လနဲ့တစ်လ ကျသင့်ငွေတွေက တူနေတယ်။ ကျွန်မအိမ်ဆို Aircon (လေအေးပေးစက်) မသုံးဘူး၊ တီဗီမကြည့်ဘူး။ ညဘက် မီးထွန်းတာရယ်၊ ထမင်းချက်တာရယ်ကိုမှ မီတာစာရွက်ကြည့်တော့ မျက်လုံးပြူးသွားတယ်။ ၅ လစာကို ၄ သိန်းကျော်ကျပါတယ်” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။ 

အများအပြားမှာ အကြောက်တရားဖြင့်သာ ဆောင်နေရခြင်းဖြစ်ပြီး စစ်ကောင်စီကို အထောက်အပံ့ပေးလိုသည့်ဆန္ဒ မဟုတ်ဟု ချမ်းအေးသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။ 

“အောင့်သက်သက်နဲ့ ဆောင်ရတာပေါ့။ အိမ်တွေကို သေနတ်တွေနဲ့ ရောက်လာတော့ ကြောက်ပြီး ဆောင်ကြတာပေါ့” ဟု ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီကို နာမည်အတုဖြင့် ထောက်ခံနေကြသူတို့ကမူ ကိုယ်အသုံးပြုသည့် လျှပ်စစ်ဓာတ်အားအတွက် ဓာတ်အားခ ပေးဆောင်ရန် တာဝန်ရှိသည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားလေ့ရှိသည်။

ဤအတောအတွင်း မန္တလေးတွင် ရန်ကုန်ကဲ့သို့ပင် ဓာတ်အားပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေပြီး တစ်ရက်လျှင် အနည်းဆုံး ၃ နာရီခန့် မီးပျက်နေသည်။ 

“ဆောင်လည်း ပျက်တာပဲ။ ဓာတ်အားလုံလောက်စွာလည်း မပေးနိုင်ဘူး၊ တိုင်းပြည်တိုးတက်အောင် လုပ်ပေးဖို့ဆိုတာ ဝေးပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့အသီးသီးမှ ပြည်သူတို့က စစ်အာဏာရှင် သက်ဆိုးမရှည်ရေး အခွန်မပေးဆိုကာ မီတာဆောင်ခြင်း၊ အခြားသော အခွန်များဆောင်ခြင်းတို့ကို မပြုလုပ်ကြတော့ဘဲ သပိတ်မှောက်ခဲ့ကြပြီး မြို့ခံတော်လှန်ရေးအဖွဲ့များကလည်း အခွန်ရှောင်ကြရန် မေတ္တာရပ်ခံခဲ့ကြသည်။ 

ပြည်သူများက ဆက်လက် တောင့်ခံထားပါက ၁ နှစ်စာအတွက် ဓာတ်အားခ ကျပ်ဘီလျံ ၂၀၀၀ ကျော်ကို စစ်ကောင်စီ ရမည်မဟုတ်ဟု လေ့လာသူများက ၂၀၂၁ နှစ်လယ်ပိုင်းတွင် တွက်ချက်ထားကြသည်။ 

မီတာခဆောင်ရန် ငြင်းဆန်ခြင်းသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းကြီးတစ်ခု ဖြစ်ခဲ့သည်။

မန္တလေးမြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အဆိုပါအခွန်ရုံးများ၊ မီတာရုံးများ၊ စစ်ကောင်စီနှင့် ဆက်နွှယ်သည့်နေရာများကို အကြိမ်ကြိမ်ဖောက်ခွဲ၍ သတိပေးနေကြသည်။ 

အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင် ၁၁ နံနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ်အတွင်းရှိ သာယာကုန်းရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လက်ရွေးရပ်ကွက်တို့တွင် မီတာခကောက်ခံသူ ၂ ဦးကို မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့သည်။ 

စစ်ကောင်စီက မန္တလေးတွင် လမ်းသွားလမ်းလာများကို နေ့စဉ်စစ်ဆေးရှာဖွေ၍ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းအပြင် အာဏာသိမ်းတစ်နှစ်ပြည့်ရန် နီးကပ်လာချိန်တွင် မီတာခကဲ့သို့ အခွန်များရရှိရန် အပူတပြင်း ကြိုးပမ်းလာသည်ကို တွေ့ရသည်။  

အလားတူ ယမန်နှစ် စက်တင်ဘာလမှစ၍ ဘဏ္ဍာ၊ အခွန်ငွေ ရပေါက်ရလမ်း နည်းပါးနေဆဲဖြစ်သည့် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်မီတာခ ရရှိစေရေး ရန်ကုန်တွင်လည်း ကြိုးပမ်းနေသည်။   

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆက်လက်ပါဝင်မည့်သူများက ဓာတ်အားဖြတ်တောက်ခံရလျှင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် ကုန်ကျစရိတ် စုံစမ်းနေကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

Show More

Related Articles

Back to top button