စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ဆင်သေကျေးရွာက ကျန်းမာရေးဆေးမှူးကို မတ် ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက "မနက် ၉ နာရီလောက် လာဖမ်းတယ်၊ စစ်ကား ၂ စီးနဲ့၊ သူက ကျနော်တို့ ဆင်သေကျေးရွာက ကျန်းမာရေးဆေးမှူး၊ စစ်တပ်အာဏာသိမ်းလို့ CDM လုပ်ခဲ့တယ်၊ သူ့နာမည်က ဦးတင်အောင်အောင်ဆွေပါ၊ အခုက ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။" လို့ ပြောပါတယ်။
ခန္တီးမြို့မှာ ကျန်းမာရေးဆေးမှူးကို စစ်ကောင်စီက ဖမ်းဆီးတာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ခန္တီးမြို့မှာ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။