သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံက စစ်ဆေးဆရာ၀န်နှင့် တပ်ကြပ် မိုင်းဆွဲခံရ၍ သေဆုံး

သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံက စစ်ဆေးဆရာ၀န်နှင့် တပ်ကြပ် မိုင်းဆွဲခံရ၍ သေဆုံး

မတ် ၂၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံမှ စစ်ဆေးဆရာ၀န် တစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ လိုက်ပါလာသည့်မော်တော်ယာဉ်သည် မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်က တကောင်း နီကယ်စက်ရုံ အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်း သတင်းရရှိသည်။

"အဲဒီဆေးစစ်ဗိုလ်က တရုတ်နီကယ်စက်ရုံထဲ ဘာသွားလုပ်လဲ မသိဘူး၊ အဲဒီက အပြန်ကို PDF ပူးပေါင်းအဖွဲ့က ဆော်လိုက်တာ၊ ဆေးဗိုလ်ပွဲချင်းပြီး သေတယ်၊ နောက်တစ်ယောက်က စစ်သားလား ရဲလားသေချာ မသိရသေးဘူး၊ အဲကောင်လည်း သေတယ်" ဟု မောင်းကုန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ သပိတ်ကျင်းမြို့နယ်ဒေသခံဖြစ်သည့် မဇ္စျိမ၏ သတင်းအရင်းအမြစ်က ပြောသည်။

သေဆုံးသွားသည့် စစ်ဆေးဗိုလ်သည် မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံမှ စစ်ဆေးတက္ကသိုလ် အပတ်စဉ် (၁၅) သင်တန်းဆင်း ဗိုလ်ကြီး၀င်းသွင်စိုးဖြစ်ကြောင်း နောက်ထပ်တစ်ဦးမှာ ၎င်း၏ လက်ထောက် တပ်ကြပ် တစ်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦး စီးလာသည့် အရပ်သုံး အိမ်စီးကားသည် မောင်းကုန်းရွာအနီးတွင် မိုင်းရှစ်လုံးဆင့်ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ဆေးစစ်ဗိုလ် ပွဲချင်းပြီး သေဆုံးသွားပြီး တပ်ကြပ်ဆိုသူလည်း အပြင်းအထန်ဒဏ်ရာဖြင့် ဆေးရုံရောက်စဉ် သေဆုံးသွားကြောင်း သိရသည်။

"နောက်ထပ် ထပ်ထိထားတာတွေလည်းရှိတယ်၊ မိုင်းဆွဲခံရတဲ့ နေရာ ရောက်လာတဲ့ စခ(စစ်ကောင်စီတပ်)တွေ မိုင်းထပ်ဆွဲခံရတယ်၊ လေးငါးခြောက်ယောက်လောက် ထိထားတယ်ကြားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်တပ်အရာရှိ တချို့လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မိုင်းရှင်းရန်ရောက်လာသည့် စစ်သားများပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

#မန္တလေးတိုင်း

#သပိတ်ကျင်းမြို့နယ်

#တိုက်နယ်ဆေးရုံ

#မိုင်းဆွဲခံရ

#စစ်ဆေးဆရာဝန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly