Home
မြန်မာသတင်း
ဆိုင်ကယ်ရပ်မပေးသဖြင့် ပခုက္ကူ လူငယ်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ
DVB
·
January 12, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်၅ (ခခွေးကွင်း) ၆လမ်းမှာ လှည့်ကင်း လှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဆိုင်ကယ်စီးနင်းလာသူ လူငယ် နှစ်ဦးကို တားဆီးရာ ရပ်မပေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့   မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ရက်နေ့ ည ၁၀ နာရီလောက်က ဆိုင်ကယ်မရပ်ပေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် လူငယ်နှစ်ဦး ပုခုံးမှာ ထိမှန်ခဲ့ပြီး  ရဲကားပေါ်က စစ်ကောင်စီတပ်သားတွေဟာ ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

လမ်းဘေး ဝဲယာမှာရှိတဲ့ နေအိမ်တွေက လူတွေကိုလည်း စစ်ကောင်စီတပ်က တံခါးပိတ်ထားပြီး ထွက်မကြည့်ကြဖို့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

“တို့အိမ်နားမှာ ဖြစ်သွားတာပါ၊ ဧည့်စာရင်းလာစစ်တာ တို့အိမ်တွေကိုရောပါတယ်။ ကောင်လေးနှစ်ယောက်က ပုခုံးမှန်သွားတယ်၊ ငယ်ငယ်လေးတွေရှိသေးတာ ရိုက်နှက်နေကြတာ။”

စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့တွင်းမှာ တပ်သားတွေ ပြောင်းလဲထားတာဖြစ်နိုင်ပြီး  ည ၁၀ နာရီအချိန်လောက်မှာ သန်းခေါင်စာရင်းလိုက်လံစစ်ဆေးတာ၊ ကင်းလှည့်ပတ်တာတွေကို ပျူစောထီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်လို့ မြို့ခံ နောက်တစ်ဦးက ပြောပါတယ်။

“အနားက အိမ်တွေထွက်မကြည့်ဖို့ပြောတာ သေချာပါတယ်။ ဒီရပ်ကွက်ထဲက ပျူတွေပါပဲ။ ရဲပတ်ကင်း အဖွဲ့နဲ့ စခတွေ ပါလာတာ၊  အချိန်မတော် အပြင်မလွဲသာလို့ သွားရရင်ရှောင်ရှားပြီး သတိနဲ့သွားလာကြစေချင်ပါတယ်။ ကင်းပတ်တာက သူတို့က လမ်းမကြီးတွေပေါ်မှာ မပတ်တော့ဘူး၊ အခုဆိုရင် လမ်းကြိုလမ်းကြားတွေကို အဓိကထားပြီး ပတ်နေတာ။” 

ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦး ဘယ်သူတွေဆိုတာနဲ့ ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ လက်ရှိအချိန်ထိ မသိရှိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်ကိုးနဲ့ ပခုက္ကူမြို့ ပျူစောထီးခေါင်းဆောင် ရွှေသီးတို့ အတူမောင်းနှင်လာတဲ့ ကားကို ရပ်တန့်ဖို့တားရာမှာ မရပ်ပေးတဲ့အတွက် စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့မိတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးလုံး ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံအရောက်မှာ ရွှေသီးက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပခုက္ကူမြို့ ရွှေချောင်း အဝိုင်းကြီးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး တပ်မ ၂၅၉ က ကျောင်းကြိုလာတဲ့ကား သီသီလေးလွတ်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024