ကူမင်း-ရန်ကုန်ခရီးစဉ်တွင် တရုတ်စစ်သားများ (သို့မဟုတ်) ဆိုက်ဘာနည်းပညာရှင်များပါရှိနိုင်ကြောင်း ASPl ဖော်ပြ

ကူမင်း-ရန်ကုန်ခရီးစဉ်တွင် တရုတ်စစ်သားများ (သို့မဟုတ်) ဆိုက်ဘာနည်းပညာရှင်များပါရှိနိုင်ကြောင်း ASPl ဖော်ပြ

တရုတ်နိုင်ငံ ကူမင်းမှ မြန်မာနိုင်ငံသို့ ညအချိန်မတော် ဆိုက်ရောက်လာသည့် လေယာဉ်ငါးစင်းတွင် တရုတ်စစ်သားများ (သို့မဟုတ်) အင်တာနက်ထိန်းချုပ်ရေးအတွက် စစ်အစိုးရအား ကူညီမည့် ဆိုက်ဘာနည်းပညာရှင်များတင်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သြစတြေးလျ မဟာဗျူဟာပေါ်လစီ အင်စတီကျူ့ (ASPI) က ဖေဖော်ဝါရီ ၂၃ တွင် ရေးသားထားသည်။

နောက်ထပ်ဖြစ်နိုင်ခြေရှိသည့်အချက်တစ်ခုမှာ တပ်မတော်၏ လက်နက်သိုလှောင်မှုကို ထပ်တိုးသည့် သဘောဖြစ်နိုင်သည်ဟု ဆိုသည်။ အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးသည်နှင့် မရှေးမနှောင်း နိုင်ငံတကာလေကြောင်းလိုင်းများကို ကန့်သတ်လိုက်ပြီး လေကြောင်းလိုင်းအနည်းငယ်သာ ရန်ကုန်လေဆိပ်ကို အသုံးပြုလျှက်ရှိကြောင်း ASPI က ဖော်ပြသည်။

ယင်းသို့ ကန့်သတ်ထားချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့က မြန်မာနိုင်ငံသို့ လေယာဉ်ငါးကြိမ်ဆင်းသက်ခဲ့သည်။ ယင်းအနက် ၂ စင်းမှာ မြန်မာ့လေကြောင်းလိုင်းအမှတ်အသားများပါရှိပြီး ကျန်လေယာဉ်များမှာ အမှတ်အသားပါရှိခြင်း မရှိပေ။ ယင်းလေယာဉ်များမှာ ပုဂ္ဂလိက လုပ်ငန်းများမှ ငှားရမ်းထားခြင်းဖြစ်သောကြောင့် စည်းနှောင်မှုကင်းလွတ်သင့်ကြောင်း ထောက်ပြထားသည်။

အာဏာသိမ်းစစ်အစိုးရနှင့် တရုတ်နိုင်ငံက ယင်းလေယာဉ်များကို မြန်မာနိုင်ငံသို့ ပင်လယ်စာ (SEAFOOD) တင်ပို့သည့်ခရီးစဉ်များဟု ပြောဆိုထားသော်လည်း စင်စစ်တွင် ယင်းသို့ဖြစ်နိုင်ချေပင် မရှိကြောင်း ASPI က ထောက်ပြပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ရှင်းပြသည်။

ပျံသန်းမှုခရီးစဉ်တွင် လေယာဉ်၏ ဝိုင်ယာလက်ဆက်သွယ်ရေးအချက်ပြစနစ် (transponder) ပိတ်ထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာလေကြောင်းပျံသန်းရေးစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြသည်။ ဖွင့်လိုသည့် လေယာဉ်များအတွက် ဖွင့်ထားပြီး မဖော်ပြလိုသည့် လေယာဉ်များကို ယင်းသို့ပိတ်ထားသည်ကို တွေ့ရှိရကြောင်း ASPI ဆိုသည်။

ထို့အပြင် ကူမင်းလေဆိပ် ဆိုက်ရောက်မှုပြ အွန်လိုင်းစာရင်းတွင်လည်း ယင်းလေယာဉ်များကို ဖော်ပြထားခြင်းမရှိပေ။ နိုင်ငံတကာ လေကြောင်းလိုင်းအချက်အလက်ပြစနစ် (flight databases) နှင့် လေယာဉ်နံပါတ်များ၊ ဆိုက်ရောက်ခရီးစဉ်းများတွင်လည်းတွေ့ရှိခြင်း မရှိပါ။ ယင်းသို့ဆိုက်ရောက်၊ ထွက်ခွာချိန်များကို ထိန်ချန်ထားခြင်းများသည် လေယာဉ်ပျံသန်းမှုကို လွယ်လင့်တကူကြည့်ရှုနိုင်သော (open-source) များတွင် ရှာ၍ မရနိုင်ပါ။

သို့သော် ယင်းခြေရာဖျောက်မှုများကို ရှာဖွေရန် ASPI က ဂြိုလ်တုမှတဆင့်ပို့ပေးသော ပုံရိပ်များဖြင့် ခြေရာခံထားကြောင်း ဆိုသည်။ ယင်းနည်းပညာကို မလေးရှားနိုင်ငံ၏ MH-370 ပျောက်ဆုံးစဉ် ရှာဖွေရေးအတွက် အကူညီပေးသည့်နည်းပညာ ဖြစ်သည်။ ထို့အပြင် ရန်ကုန်လေဆိပ်တွင်ရှိသည့် ဝန်ထမ်းများနှင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြသော လေကြောင်းဝန်ထမ်းများကလည်း တွစ်တာစာမျက်နှာများပေါ်တွင် လေယာဉ်များ၏ အသေးစိတ်အချက်အလက်များကို တင်ခဲ့သည်ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ရှင်းပြသည်။

ယင်းအနက် မှတ်ပုံတင်ထားသော လေယာဉ်သုံးစင်းမှာ XY-AGV,  XY-ALJ နှင့် XY-ALK တို့ဖြစ်သည်။ ယင်းလေယာဉ်အများစုမျာ XY-ALJ အဖြစ်ဖော်ပြထားပြီး မူရင်းလေယာဉ်မှာ Airbus A-320-214 အဖြူရောင်လေယာဉ်ဖြစ်သည်။ XY-AGV နှင့် AA319-111 လေယာဉ်မှာ မြန်မာ့လေကြောင်းလိုင်း၏ လေယာဉ်များဖြစ်သည်။ A320-214 မှာ ဒူဘိုင်းအခြေစိုက် United Arab Emirates ၏ လေယာဉ်ဖြစ်ပြီး A319-111 လေယာဉ်မှာ အိုင်ယာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်း AerCap အုပ်စုပိုင်ဆိုင်သော လေယာဉ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly