စစ်ပြေးဒုက္ခသည်များသတင်း

မံစီ စစ်ရှောင်များ အစားအသောက် အခက်အခဲ ကြုံတွေ့နေရ

မံစီမြို့နယ် မိုင်းခေါင် စစ်ရှောင်ပြည်သူများ လက်ရှိတိုက်ပွဲအခြေအနေကြောင့် စစ်ရှောင်စခန်းအတွင်း လုံခြုံရေးအတွက်စိုးရိမ်နေရသည့်ကြား အစားအသောက်နှင့် အခြားကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

မံစီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် မိုင်းခေါင် စစ်ရှောင်ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အပြင် အပြင်ထွက်အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မဖြစ်နိုင်သောကြောင့် အစားအသောက် အခက်အခဲကြုံနေရသည်ဟု မိုင်းခေါင် KBC စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့ စစ်ရှောင်စခန်းက တောမကျ မြို့မကျ နေရာမှာရှိနေတာကြောင့် အခုက ဘယ်ကိုပဲ သွားမယ်ဆိုလည်း စိုးရိမ်နေရတယ်။ တောထဲပဲသွားသွား ဘယ်ကိုပဲသွားသွား ကြောက်နေရတယ်။ ဒါကြောင့် အခုက စစ်ရှောင်စခန်းမှာပဲ နေပြီး ဖြစ်သလို တတ်နိုင်သလိုပဲ ဖြေရှင်းနေကြရတယ်။ အရင်ကတော့ ခက်ခဲတယ်ဆိုပေမဲ့ ကူညီပေးတာ လောက်နဲ့ ကြိုးစားပြီး နေတယ်။ ဒါပေမဲ့ အခုက ဘယ်ကိုမှ သွားလို့မရဘူး။ ခြံတွေဘာတွေလည်း လုပ်လို့မရတော့ဘူးဆိုတော့ တစ်နပ်ဖြတ်ကျော်ဖို့တောင် တော်တော်ခက်ခဲနေကြတယ်။” ဟု မိုင်းခေါင် KBC စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောသည်။

စစ်ရှောင်များကို ကူညီထောက်ပံ့နေသော အဖွဲ့အစည်းများသည်လည်း လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခင်လိုမထောက်ပံ့တော့သဖြင့် အစားအသောက်အခက်အခဲ ပိုမို ကြုံတွေ့လာရခြင်းဖြစ်သည်ဟု သိရသည်။

မိုင်းခေါင် စစ်ရှောင်စခန်းသည် စစ်ကောင်စီတပ်စခန်းနှင့် ကပ်လျက်တည်ရှိသောကြောင့် တိုက်ပွဲဖြစ်ပေါ်လာပါက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဆက်ပြောသည်။

“ကျနော်တို့ စစ်ရှောင်စခန်းက စစ်တပ်စခန်းနဲ့ ခြံစည်းရိုးပဲကာတယ်။ တစ်ဖက်က လာပစ်ခတ်ရင်တော့ ကျနော်တို့ စစ်ရှောင်ပြည်သူတွေဆီ ထိပြီးသားပဲ။ စခန်းမှာက ကလေးတွေ၊ အသက်ကြီးရွယ်အိုတွေ အများကြီးရှိတာကြောင့် စိုးရိမ်နေတယ်။ အရင်တစ်ပတ်က တိုက်ပွဲဖြစ်တဲ့ချိန်တောင် ကလေးတွေ၊ အသက်ကြီးသူတွေ အထုတ် မပြီး ဘယ်ဘက်ပဲ ပြေးရမလိုလို တော်တော် သောင်တင်လိုက်ပြီ။ စစ်တပ်နဲ့ အနီးကပ်ရှိနေတော့ စိုးရိမ်ရတဲ့ နေရာဖြစ်နေတာပေါ့။ လက်နက်ကိုင်သူတွေနဲ့ ရောနှောပြီး နေနေတော့ စိုးရိမ်ပြီး နေနေရတာပေါ့။” ဟု မိုင်းခေါင်စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းခေါင် KBC စစ်ရှောင်စခန်းတွင် အိမ်ထောင် စုစုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

၎င်းစစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်ဒေသအနှံမှ ထွက်ပြေးလာကြသော ပြည်သူများဖြစ်ကြသည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများသည်ကူညီထောက်ပံ့မှုများ ယခင်လို မရရှိတော့သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုဒဏ်နှင့် စစ်ရေးအခြေအနေများကြောင့် အလုပ်အကိုင်ရှားပါးလာပြီး အစားအသောက်ခက်ခဲမှုဖြင့် ပိုမို ရင်ဆိုင်လာရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button