ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပေါက်တောမြို့နယ် သဲခုံပင်လယ်ပြင်မှာ သစ်မှောင်ခို မော်တောဘုတ် ၂ စီးကို စစ်ကောင်စီလက်အောက်ခံ ရေတပ်က မတ် ၂၄ ရက် ည ၆ နာရီကျော်လောက် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သဲခုံပင်လယ်ပြင်မှာ အမြဲငါးဖမ်းနေတဲ့ သဲခုံကျေးရွာသားတဦးက “မနေ့က ည ၆ နာရီ ၄၀ မိနစ်ကျော်လောက်မှာ ပင်လယ်ပြင်ကို ကျနော်တို့ ငါးဖမ်းထွက်ဖို့ လုပ်နေချိန်မှာ ပင်လယ်ပြင်က သေနတ်ပစ်ခတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတယ်။ မိနစ် ၂၀ လောက်အထိ ပစ်သံတွေ ကြားရတယ်။ အဲ့ဒါကြောင့် ငါးဖမ်းမထွက်ဖြစ်လိုက်ကြဘူး။ စုံစမ်းကြည့်တော့ သစ်မှောင်ခိုမော်တော်ဘုတ် ၂ စီးကို နေဗီက ပစ်ခတ်ဖမ်းဆီးတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဆိုပါ သစ်မောင်ခိုမော်တော်ဘုတ် ၂ စီးကို စစ်ကောင်စီရေတပ်က မတ် ၂၅ ရက် မနက်မှာ စစ်တွေမြို့ကို ဆွဲယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့မနက်မှာ သစ်မှောင်ခိုဘုတ် ၂ စီးကို နေဗီက စစ်တွေကို ဆွဲယူသွားတာ တွေ့လိုက်တယ်။ ဘုတ်သမားတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သစ်မှောင်ခိုမော်တော်ဘုတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးထွက်တဲ့ မော်တော်ဘုတ်လား သစ်တန်ချိန် ဘယ်လောက်တင်ဆောင်ထားလဲဆိုတာတော့ ဒေသခံတွေ မသိရှိဘူးလို့ ဆိုပါတယ်။
သဲခုံကျေးရွာဟာ ပေါက်တောမြို့ကနေ မိုင် ၂၀ လောက် ဝေးကွာပြီး ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ကျေးရွာငယ်တခုဖြစ်ကာ အိမ်ခြေ ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
သဲခုံကျေးရွာ ပင်လယ်ပြင်ဟာ ရခိုင်ပြည်နယ် နေရာစုံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သွားရတဲ့ ပင်လယ်တခုဖြစ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ချောင်းအတွင်းမှ ကလိန်တောင်မြစ်အတွင်း သစ်ဘေတုံး ဆိုက်စုံ ၁၅ တန် တင်ဆောင်လာတဲ့ သစ်မှောင်ခိုလှေ ၁ စီးနဲ့အတူ အမျိုးသား ၆ ဦး ဖမ်းဆီးမိခဲ့သလို မတ် ၂၂ ရက် မနက် ၃ နာရီလောက်ကလည်း မောင်တောမြို့နတ် မြစ်ဝတုံး ချောင်းဝအနီးမှာ သစ်ခွဲသားဆိုက်စုံ ၁၃ တန်ခန့် တင်ဆောင်ထားတဲ့ သစ်မှောင်ခိုလှေတစီး ဖမ်းမိပြီး လှေသမား ၇ ဦး ရေထဲခုန်ချ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။