လှိုင်မြို့နယ်တွင် မီတာမဆောင်သည့် နေအိမ်တိုက်ခန်းများကို စစ်ကောင်စီတပ်ဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများက မီးလိုက်ဖြတ်

လှိုင်မြို့နယ်တွင် မီတာမဆောင်သည့် နေအိမ်တိုက်ခန်းများကို စစ်ကောင်စီတပ်ဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများက မီးလိုက်ဖြတ်

မတ်လ ၂၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊(၁၆) ရပ်ကွက် အတွင်းရှိ မီတာခ မပေးဆောင်သည့် နေအိမ် တိုက်ခန်းများကို လျှပ်စစ်ဝန်ထမ်းများက ယနေ့ မတ်လ ၂၄ ရက် မနက်ပိုင်းက လိုက်လံ၍ လျှပ်စစ်မီး ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ 

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်သားများလည်း ပါဝင်ခဲ့ပြီး ရပ်ကွက် အတွင်းကို စစ်ကား အသေးနှစ်စီး၊ မီတာရုံးမှ လိုက်ထရပ်ကား တစ်စီးနှင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“မနက်က မာလာမြိုင် (၆)၊ (၇)၊ (၈) လမ်းတွေကို မီးလိုက်ဖြတ်ပါတယ်။ နောက်ပြီး ဦးအေးလမ်းသွယ် (၄)၊ (၅)၊ (၆) လမ်းတွေက အိမ်တော်တော်များများကိုလည်း မီးဖြတ်သွားပါတယ်။ မာလာမြိုင်မှာ ဖြတ်တာကတော့ သုံးသိန်းကျော် မဆောင်တဲ့ အိမ်တွေလို့ သတင်းရပါတယ်။ သူတို့မှာ စာရင်း စာရွက်တွေပါပါတယ်။ တချို့အိမ်တွေက မီတာပုံးပါဖြုတ်သွားတာပါ” ဟု လှိုင် (၁၆)ရပ်ကွက်အတွင်း မီးဖြတ်ခံရသည့် အကြောင်းနှင့်ပတ်သက်၍ ၎င်းကပြောသည်။ 

လှိုင်မြို့နယ်အတွင်း ယခုတစ်ကြိမ် လျှပ်စစ်မီးလိုက်လံ ဖြတ်တောက်မှုများ ပြုလုပ်ရာတွင် စစ်အာဏာသိမ်းသည့် ကာလမှစတင်ကာ ယနေ့အထိ မီတာခ လုံးဝ မပေးဆောင်သော အိမ်များအပြင် မီတာကြွေးကျန် နှစ်လ၊ သုံးလစာ ကျန်သည့် အိမ်များလည်း မီးဖြတ်ခံရကြောင်းနှင့် လျှပ်စစ်မီး ပြန်ရလိုပါက မီတာရုံးသို့သွားကာ ချက်ခြင်း ဘေလ်ဆောင်ခိုင်းမှုများရှိကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required