ပင်းတယမြို့နယ်၌ CDM ရဲ တစ်ဦး ရွာပြန်နေထိုင်ခြင်းကို သတင်းမပို့၍အုပ်ချုပ်ရေးမှူးနှင့် ရွာသား ၁၂ ဦးကို စစ်တပ်ဖမ်းဆီး

By စန်းကျိန်
20 January 2022
ပင်းတယမြို့နယ်၌ CDM ရဲ တစ်ဦး ရွာပြန်နေထိုင်ခြင်းကို သတင်းမပို့၍အုပ်ချုပ်ရေးမှူးနှင့် ရွာသား ၁၂ ဦးကို စစ်တပ်ဖမ်းဆီး

ဇန်နဝါရီ ၂၀

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်သားတစ်ဦး ပင်းတယမြို့နယ် ပန်းစစ်ရွာရှိ ၎င်းနေအိမ်သို့ ပြန်နေထိုင် နေသည်ကို အကြောင်း မကြား၍ အဆိုပါရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံက ပြောသည်။

အဆိုပါရွာ အုပ်ချုပ်ရေးမှူး ၊ ဆယ်အိမ်မှူး ရှစ်ဦးနှင့် ရွာသားပေါင်း ၁၂ ဦးကို ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၂ နာရီ ဝန်းကျင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"တပ်ရော ရဲရော ကားငါးစီး အင်အား ၅၀ ခန့်နဲ့ အုပ်ကြီး ဦးရွှေဖီ အပါအဝင် ဆယ်အိမ်မှူးတွေနဲ့ ပန်းစစ်ရွာသား ၁၂ ယောက်ဝန်းကျင်လောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ အုပ်ကြီးကလည်း ဒလန် အကြီးစားပါ။ ကျန်တဲ့ ရွာသားတွေကတော့ တောင်သူ အလုပ်လုပ်ကြတယ်။ CDM ရဲတပ်သား ကိုဖြိုးဝင်းကိုတော့ ဈေးတန်း ရပ်ကွက်မှာ ဖမ်းတာတဲ့ “ဟု ဒေသခံက ပြောသည်။

ယခင်က ဖမ်းဆီးခံရသူများကို ကလောမြို့ တပ်မ (၅၅) တွင် ခေါ်ဆောင်စစ်ဆေး သော်လည်း ယနေ့ နံနက် ဖမ်းဆီးခံရသော ကိုဖြိုးဝင်း နှင့် ရွာသားများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရှိရသေးဟု ၎င်းက ဆိုသည်။

ကိုဖြိုးဝင်းသည် အသက် ၃၅ ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် CDM ဝင်ထားသူ ဖြစ်သည်။

ပန်းစစ်ရွာနှင့် ၁၀ မိုင် ခန့် ဝေးသော ကံသာရွာရှိ ပရဟိတ လုပ်နေသော သားအဖ သုံးယောက်ကိုလည်း စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်ပင် ဖမ်းဆီး သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ပင်းတယ မြို့နယ်အတွင်း အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပိုများလာတယ်" ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly