ထိုင်းနယ်စပ် စစ်ရှောင်စခန်းများ၏ ရိက္ခာလမ်းကြောင်း စစ်ကောင်စီ ပိတ်ဆို့ရန် ကြိုးစားနေ

ထိုင်းနယ်စပ် စစ်ရှောင်စခန်းများ၏ ရိက္ခာလမ်းကြောင်း စစ်ကောင်စီ ပိတ်ဆို့ရန် ကြိုးစားနေ

ဇန်နဝါရီလ ၂၁ ရက်

ကရင်ပြည်နယ်၊မြဝတီခရိုင် လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် KNLA၊ DKBA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများကြောင့် ပေါ်ပေါက်လာသော ထိုင်းနယ်စပ်ရှိ စစ်ဘေးရှောင် စခန်းများ၏ ရိက္ခာလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ရန် ကြိုးစားနေကြောင်း သိရသည်။ 

တိုက်ပွဲများကြောင့် လေးကေ့ကော်မြို့သစ်၊ မယ်ထော်သလေး၊ ပဟိကလော၊ ထီးမယ်ဝါးခီး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးနှင့် ရသေ့ဂူကျေးရွာတို့မှ ဒေသခံများ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေရသည်။ 

“လေးကေ့ကော်မှာ တိုက်ပွဲစဖြစ်ပြီး နောက်ပိုင်း စစ်ရှောင်စခန်းတွေ ဖွင့်ထားရတယ်။ အခု စစ်ရှောင်စခန်းကို ထောက်ပံ့မယ့် ရိက္ခာ လမ်းကြောင်းတွေကို စစ်ကောင်စီ တပ်တွေက လမ်းကြောင်းတွေ လိုက်ပိတ်နေတယ်။ ကျွန်တော်တို့ စစ်ရှောင်စခန်းက ရိက္ခာက ထိုင်းဘက်ကနေ ကူညီပေးနေတဲ့ အဖွဲ့တွေ ပို့ပေးနေတာ ထိုင်းဘက်ကိုဘဲ အားကိုးနေရတာ” ဟု စစ်ရှောင်စခန်းသို့ ရိက္ခာ ကူညီနေသူ တစ်ဦးက ပြောသည်။ 

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ဘေးရှောင်များကို လက်ခံ ကူညီပေးနေသည့် ဖလူးလေးကျေးရွာ အခြေစိုက် DKBA တပ်ဖွဲ့ ဗိုလ်စောစလုံး စခန်းကို စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ 

“ဖလူးကြီး၊ မင်းလက်ပံ နောက်ပြီး ဖလူးလေးက ဗိုလ်စောစလုံး စခန်းကို သူတို့တိုက်တယ်၊ အခု ကျောက်ခတ် ကျေးရွာကို တစ်နေ့က အင်အား ၁၀၀ လောက်နဲ့ ဝင်လာကြတယ်၊ အဲ့နေရာက ထိုင်းနယ်စပ်ကနေ ရိက္ခာပို့တဲ့ နေရာတွေပါ။ သူတို့က PDF တွေကို ရိက္ခာလမ်းကြောင်း ဖြတ်ချင်လို့ လုပ်တယ်လို့ ကျွန်တော် ထင်တယ်၊ ဒါပေမယ့် တကယ်က စစ်ဘေးရှောင် ပြည်သူတွေကို ကူညီတဲ့ လမ်းကြောင်းပါ၊ စစ်ရှောင်စခန်းမှာ ရိက္ခာ မလုံလောက်တော့ဘူး၊ စစ်ဘေးရှောင် စခန်းရှိတဲ့ နေရာကိုတောင် အသိမခံ စေချင်တော့ဘူး။ ဘာလို့ဆို စစ်ကောင်စီက စစ်ရှောင်စခန်းကိုတောင် မထားဘူး၊ လေယာဉ်နဲ့တောင် ဗုံးကြဲနေတာလေ” ဟု စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိ စစ်ကောင်စီတပ်များ ဝေါလေလမ်းနှင့် ဆုံဆည်းမြိုင်အထိ အင်အားတိုးချဲ့ကာ နေရာယူထားကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required