မုံရွာမြို့ လူမှုကယ်ဆယ်ရေးအသင်းယာဉ်မိုင်းဆွဲခံရမှုကြောင့် ကူညီမှုများ ရပ်နားထားမည်

မုံရွာမြို့ လူမှုကယ်ဆယ်ရေးအသင်းယာဉ်မိုင်းဆွဲခံရမှုကြောင့် ကူညီမှုများ ရပ်နားထားမည်

မတ် ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းယာဉ် လူနာတင်ရန် ထွက်ခွာစဉ် မုံရွာမြို့အထွက် ကားကွင်း(အသစ်) မရောက်မီတွင် မတ်လ ၂၂ရက် ည ၁၀နာရီ မိနစ် ၃၀ခန့်က မိုင်းဆွဲခံခဲ့ရကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌထံမှ သိရသည်။

မြင်းမူမြို့မှ ဆိုင်ကယ်မတော်တဆထိခိုက်မိသော လူနာကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန်ထွက်ခွာစဉ် လူနာတင်ယာဉ် မိုင်းဆွဲခံရခြင်း ဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် လူလေးဦးမှာ ထိခိုက်မှုမရှိဘဲ ကားအသေးစားပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်ရပ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အသင်းသားများ၏ အသက်အန္တရာယ် မလုံခြုံမှုကြောင့် ယနေ့ မတ်လ ၂၃ရက်မှစ၍ ကူညီမှုများကို အကန့်အသတ်မရှိ ရပ်နားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“အဖွဲ့အစည်းတစ်ခုခုက မှားယွင်းလုပ်ဆောင်ခဲ့တယ်ဆိုပြီး တာဝန်ယူမှုရှိခဲ့ရင် ကျွန်တော်တို့ မူလအလုပ်များကို ပြန်လည်လုပ်ဆောင်သွားမှာပါ ။ အဲလိုမှမဟုတ် ဘယ်အဖွဲ့ အစည်းကလုပ်တာမှန်းမသိခဲ့ရရင်တော့ ကျွန်တော်တို့ လုံခြုံရေးအတွက် လုပ်ငန်းများကို ရပ်နားထားရမှာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာမြို့) ဥက္ကဌ ကိုစိန်ကိုကိုက ပြောသည်။

၎င်းတို့ အသင်းအနေဖြင့် လူနာတင်ရန်လမ်းကြောင်းထွက်ခွာသည့်အချိန်တိုင်း လူမှုကွန်ရက်စာမျက်နှာတွင်အချိန်နှင့်တပြေးညီ တင်ပြလျက်ရှိကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရမှုမျိုး ကြုံတွေ့ခဲ့ရခြင်းမျိုးမရှိကြောင်း၊ ယမန်နေ့ညသွားရာလမ်းကြောင်း တွင်လည်း ညမထွက်ရန် ကြေညာထားသည့် သတင်းအချက်လက်များ မသိရကြောင်း ၄င်းကဆိုသည်။

အသင်းအနေဖြင့် ၎င်းတို့ အသုံးပြုနေသော ကယ်ဆယ်ရေးယာဉ်များအား ဌားရမ်းခြင်း (သို့မဟုတ်) အသင်း၏ လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းများမှအပ အသုံးပြုခြင်း မရှိကြောင်း၊ သို့သော် ၎င်းတို့ကားပုံစံတူပြုလုပ်ရန် စတစ်ကာကပ်ယုံမျှနှင့် အလွယ်တကူ တုပနိုင်ကြောင်းဆိုသည်။

မြန်မာလူမှုကယ်ဆယ်ရေးအသင်း (မုံရွာမြို့) ဖွဲ့စည်းခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ စေတနာ့ဝန်ထမ်းအင်အား ၃၀ နှင့် မော်တော်ယာဉ် ၁၀စီး ရှိခဲ့သော်လည်း တစ်စီးမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံ ထားရပြီး နှစ်စီးမှာ COVID-19 ရောဂါပြန့်ပွား မှုမြင့်မားနေချိန် အောက်စီဂျင်လိုအပ်မှုများ ကြောင့်ရောင်းချခဲ့ရပြီး လက်ရှိ ခုနစ်စီးဖြင့် ၂၄နာရီ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#မြန်မာလူမှုကယ်ဆယ်ရေးအသင်း(မုံရွာမြို့)

#COVID-19

#အောက်စီဂျင်

#မိုင်ဆွဲခံရ

#ကူညီမှုရပ်နားထားမည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly