ပုသိမ်အကျဥ်းထောင်၌ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ထောင် ၂ နှစ်စီချမှတ်

ပုသိမ်အကျဥ်းထောင်၌ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ထောင် ၂ နှစ်စီချမှတ်

မတ် ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အနက် လေးဦးကို ယမန်နေ့ မတ်လ ၂၂ ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ကြောင်း ပုသိမ် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးထံက သိရသည်။

"ထောင်ချခံရတဲ့ အမျိုးသမီးတွေ ကတော့ မဇာလီနိုင်၊ မနှင်းလဲ့လဲ့၊ မမေသူဖြိုး တို့ပါ။ အဲ့ဒီအမျိုးသမီး သုံးယောက်လုံးကို ပုဒ်မ ၅၀၅(က)၊ ၄၃၆၊ ၄၃၁ နဲ့ ၁၈၈ လေးမှုနဲ့ ထောင်နှစ်နှစ်စီချပြီး အမျိုးသား ကိုထွန်းထွန်း ကိုတော့ ၅၀၅(က) တစ်မှုတည်းနဲ့ နှစ်နှစ် ချလိုက်တာပါ။အကုန်လုံး ပုသိမ်မြို့နယ်ကချည်းပဲ လေးယောက်လုံး ချုပ်ရက် လျှော့ရက်တွေ ပြန်ခံစားခွင့် ရမယ်လို့ သိရတယ်" ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညနေ ၂ နာရီတိတိတွင် ပုသိမ် အကျဥ်းထောင်ရှိ နိုင်ငံရေး အကျဥ်းသားများက "အရေး တော်ပုံ အောင်ရမည်" ဟု သုံးကြိမ်ကြွေးကြော် ခဲ့ကြရာ ထိုသို့ကြွေးကြော်

သူများအနက် နိုင်ငံရေး အကျဥ်းသား ငါးဦးကို အကျဥ်းထောင် ဝန်ထမ်းများက ယခု အချိန်အထိ တိုက်ပိတ်ထားဆဲ ဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် ပုသိမ်အကျဉ်း ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ခန့် ရှိပြီး ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ၆၆ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန်ထမ်း၏ အဆိုအရသိရသည်။

#Mizzima

#ပုသိမ်

#အကျဥ်းထောင်

#ထောင်ဒဏ်

#တိုက်ပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly