Home တွေ့ဆုံမေးမြန်းခန်း KNU နယ်မြေအတွင်း တိုက်ပွဲအရှိန်ပြင်းထန်လာမှုအပေါ် ပဒိုစောတောနီးနှင့် မေးမြန်းချက်

KNU နယ်မြေအတွင်း တိုက်ပွဲအရှိန်ပြင်းထန်လာမှုအပေါ် ပဒိုစောတောနီးနှင့် မေးမြန်းချက်

1677

“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင် ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကို လုပ်ဆောင်သွားဖို့လိုတယ်။” ပဒိုစောတောနီး

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေဒေသများတွင် လတ်တလော တိုက်ပွဲအရှိန် ပြင်းထန်လာခြင်းနှင့် စစ်ပြေးရှောင် ပြည်သူများတိုးပွားလာခြင်းအပေါ် ကိုင်တွယ်ဖြေရှင်းရသည့် အခြေအနေများနှင့်ပတ်သက်၍ ကေအဲန်ယူ၏ ပြောခွင့်ရ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်း ထားသည်များကို စုစည်းဖော်ပြလိုက်သည်။

မေး- လတ်တလော ကေအဲန်ယူ ထိန်းချုပ်နယ်မြေတော်တော်များများမှာ တိုက်ပွဲတွေ အရင်ကနဲ့ မတူဘဲ ပိုမိုပြင်းထန်လာတဲ့အခြေအနေနှင့်ပတ်သက်ပြီး အရင်ဦးဆုံး ပြောပြပေးပါအုံး။
ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပျက်သွားကတည်းက ကေအဲန်ယူရဲ့ ရပ်တည် မျှော်မှန်းချက်တွေက ပြောင်းလဲသွားတာပါပဲ။ ကျနော်တို့ ရွေးချယ်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ လမ်းကို စစ်တပ်ဘက်က ကတိကဝတ်တွေအကုန် ဖျက်ဆီးပစ်လိုက်တာကြောင့် ကျနော်တို့မှာ ကိုယ့်အမျိုးသား လွတ်မြောက်ရေး ရပ်တည်ချက်အတိုင်း လူတိုင်းမှာ ဒီမိုကရေစီ အခွင့်အရေးရရှိခံစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်အတိုင်း ကျနော်တို့ ရပ်တည်လုပ်ဆောင်နေခြင်းဖြစ်တယ်။

အာဏာသိမ်းပိုင်းနောက်တစ်ရက်မှာပဲ ကျနော်တို့ဗဟိုကနေ ထုတ်ပြန်တဲ့အတိုင်း အာဏာသိမ်းမှုကို ရဲရဲ ဆန့်ကျင်ပြီးတော့ ဆန့်ကျင်တဲ့သူမှန်သမျှနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်။ အဲ့ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သူတွေ ကျနော်တို့လည်း လက်တွဲလာတယ်။ တချို့ဆိုရင် ကိုယ့်ဒေသမှာဆက်နေဖို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ကျနော်တို့ဆီ ခိုလှုံလာတယ်။ ဒါတွေအားလုံးက ကျနော်တို့က အတူတကွ လက်တွဲ ဆောင်ရွက်နေတာပဲဖြစ်တယ်။

လက်ရှိမှာလည်း ကျနော်တို့က NUCC (အမျိုးသား ညီညွတ်‌ရေးအတိုင်ပင်ခံ ‌ကောင်စီ) ဦးဆောင် စုဖွဲ့မှုမှာ ပါဝင်နေသလို အဲ့မှာလည်း ပါဝင်လှုပ်ရှားနေတာဖြစ်တယ်။ ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်က စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အတွက်ဖြစ်တယ်။ ဒီစစ်အာဏာရှင်တွေ ရှိနေသေးသ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ဖြစ်စေ လွတ်မြောက်ရေးအတွက်ဖြစ်စေ မျှော်လင့်လို့မရဘူး။ ဒီအတွက် ကျနော်တို့ လုပ်ငန်းလမ်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ဟာ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလုပ်ဆောင်နေကြတာ ဖြစ်တယ်။ နည်းလမ်းတစ်ခုတည်း သွားတာမဟုတ်ဘူး။ စစ်ကောင်စီကို အသိအမှတ်မပြုရေး အဓိကအားဖြင့် တရားဝင်ဖြစ်မှု မရရှိရေးအတွက် ကျနော်တို့က နည်းလမ်းပေါင်းစုံနဲ့ တကယ်ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အဲ့အတွက် ၂၀၂၁ခုနှစ် တစ်ခုလုံးက တရားဝင် အသိအမှတ်ပြုခံရမှု တစ်ခုမှ မရခဲ့ခြင်းဖြစ်တယ်။

နောက်တစ်ခုက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်ပစ်တာတွေ ပြောရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေပေါ့၊ ကျနော်တို့ ကမ္ဘာလုံးဆိုင်ရာနဲ့ကော၊ နိုင်ငံအလိုက်ကော လက်တွဲလုပ်ဆောင်ပြီး တားမြစ်ပိတ်ဆို့မှုတွေကို လုပ်နေကြတာလည်းရှိပါတယ်။ နောက်ဆုံးတစ်ခုက စစ်ရေးအရ ဖြစ်တယ်။ အဲ့တော့ သူတို့ကို အဖွဲပေါင်းစုံ လက်တွဲလုပ်ဆောင်ပြီး နည်းလမ်း ပေါင်းစုံနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်တဲ့အတွက် သူတို့ အနေနဲ့လည်း ကျနော်တို့ကို စစ်ရေးအရ ပြန်တုန့် ပြန်တာမျိုး ဖြစ်တယ်။ သူတို့ အာဏာမသိမ်းခင်ကတည်းက နေရာတော်တော်များများမှာ တိုက်ပွဲတွေက ဖြစ်နေပြီးသားပဲ။ အဲ့ကတည်းက သူတို့တွေ အပစ်ရပ် သဘောတူညီ ချက်တွေကို ဖောက်ဖျက်ပြီးသား။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ တိုက်ပွဲတွေက တစ်နေရာပြီး တစ်နေရာ ပြင်းထန်လာတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် တပ်မဟာအားလုံးနီးပါးလို့တောင် ပြောလို့ရတယ်။ ပြောရမယ်ဆိုရင် မြို့ပြထဲမှာရှိနေတဲ့ သူတွေနဲ့ လက်တွဲပြီးတော့မှာ တိုက်ပွဲကိုတောင် ဖော်ဆောင် လို့ရတယ်။ ပြောရရင် ကျနော်တို့ တပ်မဟာ (၅) တပ်မဟာ (၆)နယ်မြေမှာ နေ့တိုင်း လိုလိုဖြစ်နေတာပဲ။ အကျိုးဆက်အနေနဲ့လည်း စစ်ဘေးရှောင်တွေ များလာတာကိုလည်း ကျနော်တို့ ကြုံတွေ့ နေရတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စစ်အာဏာရှင်စနစ်ကို လက်ခံလို့ မရတဲ့ အတိုင်း ကြုံတွေ့လာရမယ့်စိန်ခေါ်မှုတွေကိုတော့ ရင်ဆိုင်သွားရမှာပဲ။

မေး- တဖက်မှာကြည့်ရင် ကေအဲန်ယူရဲ့ တပ်မဟာ၊ ခရိုင်တချို့မှာ နယ်မြေအတွင်း သတိပေး ထုတ်ပြန်စာတွေ ထုတ်လိုက်တာကြောင့် စစ်တပ်ဘက်က ဒါကို ပြန်တုန့်ပြန်တဲ့အတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ကော ပြောလို့ရလား။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒီလိုနည်းလမ်းလို့ ပြောလို့ရပေမဲ့ အကုန်လုံးလည်း ဒါတွေကြောင့် ဖြစ်တာမဟုတ်ဘူး။ ထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ သူတို့ကို ဆန့်ကျင်နေကတည်းက ကိုယ်တွေကို လာတိုက်မယ်ဆိုတာကို ကြိုသိနေပြီးသား။ ဒီစာထုတ်တာကလည်း စစ်အာဏာရှင်ကို အပြုတ်တိုက်ဖို့ကို အားပေးထောက်ခံတဲ့ နည်းလမ်းတွေများစွာထဲက တစ်ခုဖြစ်ပြီးတော့ ဒီစာတွေထဲမှာဆိုရင်လည်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါတယ်။ ဘာဖြစ်လဲဆိုတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူတို့ အဓိက ရင်ဆိုင်ရတာက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ယုံကြည်လို့မရတော့တဲ့ အနေအထား နေရာတော်တော်များများမှာ တွေ့နေရတာ ဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ရဲ့ တပ်မဟာ ခရိုင်တွေမှာရှိတဲ့ ပေါ်လစီမူဝါဒတွေကို အကောင်အထည်ဖော်နေ ကြတဲ့သူတွေအနေနဲ့ သူတို့ တတ်နိုင်တဲ့ အနေအထားကနေ ကြိုးစားပြီးတော့မှ သူတို့ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေတာပဲဖြစ်တယ်။

အထူးသဖြင့် သထုံခရိုင်၊ မတြော်ခရိုင်၊ ဒူးပလာယာခရိုင်မှာဖြစ်စေ သူတို့အနေနဲ့ ဒီ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ကျနော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းလမ်းစဉ်တွေကို အရှိန်မြင့် အကောင် အထည်ဖော်ဆောင်ရွက်လာခြင်းဖြစ်တယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး ထောက်တိုင်တွေ ပျက်ဖို့က ဒီလို ကိစ္စတွေလည်း လုပ်ရမှာပဲဖြစ်တယ်။ ပြောချင်တာက ကျနော်တို့ရဲ့ အောက်ခြေမှာရှိတဲ့ တပ်မဟာ ခရိုင်တွေရဲ့ စာထုတ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတာမဟုတ်ဘူး။ သူတို့ကို ဆန့်ကျင်တိုက်ခိုက်သွားဖို့ လမ်းစဉ်တွေ ချမှတ်ကတည်းက သူတို့ဘက်က စတင်တိုက်ခိုက်နေခဲ့ပြီး ဖြစ်တယ်။ ထပ်ပြောချင်တာက ခရိုင်၊ တပ်မဟာ တချို့တော့ စာမထုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ တပ်မဟာ ခရိုင် ၇ ခုစလုံးက သူတို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်အာဏာရှင် ပြုတ်ကျသွားဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြတယ်ဆိုတာကိုတော့ ယုံကြည်တယ်။

မေး- တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အညီ အကျိုးဆက်အနေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ ပိုတိုး လာတဲ့အပေါ် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လုံခြုံရေးအတွက် ကေအဲန်ယူအနေနဲ့ ဘယ်လို တာဝန်ယူ ကူညီဆောင်ရွက်ပေးတာလဲ။
တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့က စစ်ပြေးရှောင်တွေလည်း များလာရတာပေါ့။ အရေအတွက် တွေလည်း ပိုတိုးလာတယ်။ ဒါတွေကလည်း အပစ်ရပ်ကာလတွေတုန်းကတောင် အကုန် မဖြေရှင်းနိုင်ခဲ့ဘူး။ စစ်ရှောင်ဒေသကနေ ပြန်သွားတဲ့ သူတွေကလည်း အိမ်သစ်၊ ယာသစ်လုပ်ဖို့တောင် သူတို့မှ စိတ်မချနိုင်တဲ့ အနေအထားရှိခဲ့ကြတာပဲ။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က သေချာလား မသေချာလားဆိုတာကို သူတို့ စိုးရိမ်ခဲ့ရတယ်။

ဒီအာဏာမသိမ်းခင်ကတည်းက စစ်တပ်ဘက်က သူတို့စစ်ရေးအရ အကျိုးဖြစ်မယ့်လမ်းတွေကို တပ်မဟာ ၅၊ တပ်မဟာ ၂၊ တပ်မဟာ ၃ ဘက်တွေမှာ လာဖောက်တဲ့ ၂၀၁၇ ၊ ၂၀၁၈ ကတည်းက တိုက်ပွဲတွေက ဖြစ်နေခဲ့တာ။ အဲ့ကတည်းက စစ်ပြေးရှောင်နေရတဲ့ ပြည်သူတွေက ရှိနေခဲ့ပြီးပြီ။ ဒီအာဏာသိမ်းတဲ့နောက်ပိုင်း နောက်ထပ်စစ်ပြေးရှောင်ရတဲ့ ပြည်သူက ခုနှစ်သောင်းလောက်ရှိတယ်။ ခရိုင်၊ တပ်မဟာအားလုံးကို ပေါင်းလိုက်ရင် အခုလက်ရှိ စစ်ပြေးရှောင်နေရတဲ့ ပြည်သူပေါင်းက ၂ သိန်းကျော်လောက်ရှိတယ်။ သူတို့အတွက် နေထိုင်စားသောက်ဖို့ လိုအပ်တဲ့ အကူအညီတွေ ရနိုင်ဖို့ကလည်း ကျနော်တို့တွေ နည်းလမ်းတွေ အမြဲတမ်း ကြိုးစားရှာပေးခဲ့တာပါပဲ။

ကျနော်တို့ အရင်းကတည်းက လုပ်ဆောင်ခဲ့တဲ့အတိုင်း ကျနော်တို့ နယ်မြေနဲ့ နယ်စပ်တစ် လျှောက်မှာရှိနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်နေကျအတိုင်း နိုင်ငံတကာနဲ့ လက်တွဲ လုပ်ဆောင်ပြီးတော့မှ အရေးပေါ်လိုအပ်တဲ့ အစားအသောက်တွေ၊ သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေ၊ နေရာထိုင်ခင်းတွေအတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ နယ်မြေထဲမှာ လာခိုလှုံနေထိုင်တဲ့ သူတွေထောင်သောင်းနဲ့ချီတဲ့သူတွေကိုလည်း တာဝန်ယူထားရ တာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အတွက် စိန်ခေါ်မှု အခက်အခဲတွေ ရှိလာစေသလို တဖက်မှာကလည်း နိုင်ငံရေးအရ ကျနော်တို့ဟာ လူကိုလူလိုမြင်တဲ့ လူသားချင်းစာနာမှုရှိတဲ့ စိတ်နေ သဘောထားတွေကို ဖော်ပြခွင့်ရတဲ့အတွက် ဘယ်လိုပဲစိန်ခေါ်မှုတွေရှိနေပါစေ နိုင်ငံရေးအရ ကျနော်တို့ မှာ ဘယ်လိုသဘောထားရှိနေလဲဆိုတာ ဦးဆောင်လမ်းပြနိုင်တာပါပဲ။ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုက အားရကျေနပ်စရာမရှိပေမဲ့လည်း ကျနော်တို့ရဲ့ စစ်ပြေးရှောင် ပြည်သူတွေအတွက် တစ်နေ့တစ်နေ့ စားသောက်ဖို့အတွက်ကတော့ ရပါသေးတယ်။

ဒါပေမဲ့ ဒါတွေက ယာယီပဲဖြစ်မယ်။ အခုက နွေရာသီဆိုပေမဲ့လည်း မိုးရွာနေတာ့ ခက်ခက်ခဲခဲ နေထိုင်ရတာကိုလည်း ကိုယ်ချင်းစာမိတယ်။ အခွင့်အလမ်းတွေကတော့ အများကြီး ပွင့်နေပေမဲ့လည်း ကျနော်တို့အတွက် အခက်အခဲရှိတာက ဒီအကူအညီတွေကို ထုတ်ယူနိုင်ဖို့က ပြည်တွင်းက အကူအညီ ရယူမလား၊ ပြည်ပကနေ အကူအညီ ရယူမလားဆိုတာကတော့ ဆက်ပြီးတော့ ရှေ့ဆက် ဆွေးနွေး နိုင်ရဖို့ရှိတယ်။ တိုင်းပြည်ရဲ့ အစိုးရတွေနဲ့ ဆွေးနွေးဖို့ကလည်း အခက်အခဲရှိနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အခက်အခဲကိုဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့က နိုင်ငံရေးကို ဦးဆောင်နေပေမဲ့လည်း လူမှုရေး ကိစ္စတွေကိုလည်း အမြဲတမ်း မလစ်ဟင်းခဲ့ဘူးဆိုတာကတော့ ပြည်သူတွေကို အသိပေး ပြောကြားချင်တယ်။

မေး-KNUရဲ့ အချို့တပ်မဟာ၊ တပ်ရင်းတပ်ဖွဲ့တွေမှာ တိုက်ပွဲ ပြင်းထန်ပေမဲ့ အချို့သော နေရာတွေက အသွား အလာ၊ အနေအထိုင် မပျက်ပုံမှန်အနေအထားအတိုင်းရှိနေတယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေ ရှိတဲ့အပေါ် ဘယ်လို ပြောပြချင်သလဲ။
ဘာဖြစ်လို့ တပ်မဟာ၊ ခရိုင်အားလုံးက အကုန်လုံးထပြီး မတိုက်တာလဲဆိုပြီးတော့အခြေအနေကို နားမလည်တဲ့သူတွေက ဝေဖန်ပြောဆိုနေတာတွေ ဆိုရှယ်မီဒီယာတွေမှာ တင်ပြီး ပြောဆိုနေတာတွေကို အများကြီးတွေ့နေရ တာပေါ့။ တိုက်ပွဲဆိုတာက လက်နက်နဲ့ တိုက်တဲ့ တိုက်ပွဲတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ နောက်ပြီး ကျနော်တို့မှာက ကိုယ့်ကိုယ်ကို အပြည့်အဝ ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောထားလည်းအတိအကျရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗဟိုကော်မတီကနေ ချမှတ်လိုက်တဲ့ လမ်းစဉ်အတိုင်း ခရိုင်၊ တပ်မဟာတွေက သွေဖယ်ပြီး သွားမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ကို လာထိခိုက်စေမယ့်အရာတွေကိုတော့ ခုခံကာ ကွယ်ခွင့်အပြည့်အဝရှိတယ်။

ဒါပေမဲ့ ကျနော်တို့ လုပ်နေရတဲ့ အနေအထားက ခရိုင်၊ တပ်မဟာ တစ်ခုနဲ့ တစ်ခု အခြေအနေက မတူညီနေတဲ့ အပေါ်မှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့အရာတွေကို ကျနော်တို့ ခရိုင်၊ တပ်မဟာ ခေါင်း ဆောင်တွေက အသိဆုံးဖြစ်တယ်။ ခရိုင် ၊ တပ်မဟာအတွင်းမှာပဲ တိုက်ပွဲဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဖြစ်နိုင်ရင် ကိုယ့်နယ်မြေအပြင်ဘက်မှာလည်း ဖြစ်နေမယ်ဆိုရင် ဘယ်လိုကောင်းမွန်မလဲ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်တယ်။ ကျနော်တို့ တပ်မဟာ၊ ခရိုင်တွေမှာ တိုက်ပွဲ ဖြစ်ပွားလာတာ နှစ်ပေါင်းလပေါင်းများနေပြီး။ ဒီစစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ဆိုတာက ကိုယ့်နယ်မြေအတွင်းဖြစ်စေ၊ နယ်မြေပြင်ပဖြစ်စေ အကုန်လုပ်ရမှာဖြစ်တယ်။ ပြောရဲတာက ကိုယ့်နယ်မြေအတွင်းဖြစ်စေ၊ နယ်မြေပြင်ပဖြစ်စေ တိုက်ပွဲဖော်ဆောင်မှုတွေကို ခရိုင်တပ်မဟာ အားလုံးက အတူတကွ ချိတ်ဆက်လုပ်ဆောင်နေကြတယ်ဆိုတာကိုတော့ ရဲရဲကြီးပြောရဲတယ်။ ကျနော် တို့ ပြည်သူတွေအနေနဲ့လည်း ဒါကို အမြင်ကျယ်ကျယ်မြင်နိုင်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှုတိုင်းက ခရိုင် တပ်မဟား အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲဆိုတာကိုတော့ နား လည်ပြီးတစ်ယောက်နဲ့ တစ်ယောက်ပျက်စီးရာပျက်စီးကြောင်း ပြောဆိုတာမျိုးကို မလုပ်မိစေဖို့ တောင်း ဆိုချင်တယ်။

မေး- ကေအဲန်ယူ နယ်မြေအတွင်းမှာ ဖြစ်ပေါ်လာမယ့် တိုက်ပွဲရဲ့ ရှေ့အလားအလာအခြေအနေ နဲ့ ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါ။
စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ဆိုရင် ပါးစပ်ပြောဖို့ လုပ်နေလို့မရဘူး။ လက်တွေ့ကျတဲ့ အလုပ်ကိုပဲ လုပ်ရမယ်။ စစ်ရေးအရလည်း လုပ်ရမယ်။ တခြား ပိတ်ဆို့အရေးယူမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေ စစ်တပ်ရဲ့ဝင်ငွေတွေနဲ့ နိုင်ငံရေးအရ နည်းလမ်းအားလုံးလုပ်သွားဖို့နေရာက စစ်ရေးအရ တစ်ဖက်တည်း လုပ်သွားလို့ မရဘူး။ စစ်ရေးအရ ပြောမယ်ဆိုလည်း ထပြီးပစ်လို့မပြီးဘူး။ ကြိုတင်ပြင်ဆင်မှုနဲ့ အနာဂတ်ရလဒ်တွေအတွက် အားလုံးကို အသေအချာ ထည့်သွင်းစဉ်းစားထားရတာဖြစ်တယ်။ ကိုယ့်ကိုယ်ကို စစ်အာဏာရှင်ကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်ထားပြီးဆိုရင် ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှ အမြစ်ပြတ်မှာမဟုတ်ဘူး။ စစ်ရေးအရအပြင် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို လုပ်ဆောင်သွားဖို့လိုတယ်။

အဲ့တော့ တိုက်ပွဲ ဆက်ပြင်းထန်လာကောင်း ပြင်းထန်မယ်။ ပြောနိုင်တာက စစ်ကောင်စီအနေနဲ့က ဖြစ်လာတဲ့ ကိစ္စတိုင်းကို အကြမ်းဖက်နည်းလမ်းနဲ့ပဲ ဖြေရှင်းသွားမယ်ဆိုတာကိုတော့ ကြိုမြင်ထားပြီးဖြစ်တဲ့အတွက် ကျနော်တို့ နယ်မြေအတွင်းပဲ မဟုတ်ဘူး၊ တခြားသော နယ်မြေတွေ အလယ်ပိုင်းကော၊ အောက်ပိုင်းကော အကုန်လုံး ပုံစံတစ်မျိုးပဲ သူတို့လုပ်နေတာ ဖြစ်တဲ့အတွက် ဒါတွေဟာ ကျနော်တို့ အားလုံးကို အကုန်လာထိခိုက်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။

နောက်တစ်ခုက ကျနော်တို့က တော်လှန်နေတဲ့ သူဖြစ်နေခဲ့ပြီးဖြစ်တဲ့အတွက် မတရားမှုတွေကို အရင်ကတည်းက မြင်တွေ့လာခဲ့ရပြီးဖြစ်တဲ့အတွက် အားလုံးအတူတကွ စုစည်းပြီး စိတ် ဆန္ဒပြင်းပြင်းပြပြရှိဖို့လိုတယ်။ ပြေးခဲ့ရဖူးပြီးပြီ။ ပြေးနေခဲ့ရပြီးပြီဆိုတဲ့အပေါ်မှာ ဒီကနေ့ တစ်တိုင်းပြည်လုံးမှာ လိုက်ပါဖြစ်ပေါ်နေတဲ့အခြေအနေမှာ ကိုယ့်နယ်မြေထဲမှာပဲ လာပြီး ထွက်ပြေးရုံလောက်ပဲ လုပ်နေလို့ မရတော့ဘူး။ တိုက်စရာရှိရင် တိုက်ရမယ်။ တတိုင်းပြည်လုံး အနေနဲ့ ပြေးလွှားနေရတဲ့ အခြေအနေကို ကြုံတွေ့နေရပြီးဖြစ်တဲ့အတွက် ဒါတွေကို စိတ်မှာ သေသေချာချာ နှလုံးသွင်းပြီးတော့ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးတစ်ခုထဲပဲ မဟုတ်ဘူး။ တခြားသော NUCC ထဲမှာပါဝင်နေတဲ့ အဖွဲ့ဝင် အဖွဲ့စည်းပေါင်း ၃၀ ကျော်စလုံးအနေနဲ့ ကိုယ်တွေဟာ ဦးဆောင်မှု ကဏ္ဍမှာရှိနေတယ်ဆိုတာကို ပြန်သတိရပြီး အနာဂတ်မှာ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ကြဖို့ လိုမယ်လို့ ပြောချင်တယ်။

မေး- နောက်ဆုံး ဘာများဖြည့်စွက်ပြောချင်တာမျိုးရှိသေးလဲ။
ကျနော်တို့ ကြုံတွေ့လာခဲ့ရတဲ့ အခွင့်အရေးတွေအများကြီး ရှိခဲ့ပြီးပြီဖြစ်တယ်။ များသောအားဖြင့် ပြောကျတာက ၄၉ ခုနှစ်တုန်းက တစ်ကြိမ်၊ ၆၂ ခုနှစ်တုန်းက တစ်ကြိမ် ၈၈ တုန်းကတစ်ကြိမ်ဆိုပြီး အခွင့်အရေးတွေ ရခဲ့ဖူးတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီ ရရှိခဲ့ဖူးတဲ့ အခွင့်အရေးက ဒီကနေ့ ကျနော်တို့ ရရှိနေတဲ့ အခွင့်အခါကောင်းနဲ့ မတူပါဘူး။ ဥပမာ စစ်ရေးနည်းလမ်းတွေနဲ့ နင်းကန် တိုက်ခဲ့ပေမဲ့ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုအခါမှာတော့ အခွင့်အရေးရနေပြီးလို့ ပြောလို့ရတယ်။

တွန်းလှန်တိုက်ခိုက်မှုတွေဆိုရင်လည်း ရန်ကုန်-မန္တလေး လမ်းတွေမှာလည်း နေ့တိုင်း လိုလို ဖြစ်နေတာကို တွေ့ရမှာဖြစ်တယ်။ ဒါတွေဟာလည်း ဒီကနေ့ ကျနော်တို့ကြိုးစားလုပ်ဆောင် နေတာနဲ့ ထပ်တူကျနေတဲ့အပေါ်မှာ ဖြစ်ပေါ့။ လာမယ့်အကျိုးဆက်တွေကိုလည်း အရင်အတွေ့အကြုံ ရှိခဲ့ဖူးသူ တွေ အနေနဲ့လည်း ပိုပြီး စိတ်ဆန္ဒ ပြင်းပြင်းပြပြ ပိုရှိဖို့လိုပြီး အထူးသဖြင့် ပြည်တွင်းပြည်ပမှာရှိနေတဲ့ ကျနော်တို့ ကရင်အမျိုးသားတွေအနေနဲ့ ဒီကနေ့ အချိန်အခါမှာ စည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ဖို့က အရေးကြီးဆုံးအချိန်ဖြစ်တယ်။ အချင်းချင်းအကြား အခက်အခဲဖြစ်စေတဲ့ တိုက်ခိုက်မှုမျိုးတွေကို ရှောင်ရှားပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ဒီကနေ့ ရရှိနေတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး လုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။