မြောက်ဒဂုံမြို့နယ်တွင် ဒလန်သတင်းပေးမှု ကြောင့် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

မြောက်ဒဂုံမြို့နယ်တွင် ဒလန်သတင်းပေးမှု ကြောင့် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

မတ် ၂၃

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၊ အမှတ် (၃၃) ရပ်ကွက် ၊ စိန်ပန်းမြိုင်လမ်းတွင် ယနေ့ မတ်၂၃ ရက် နံနက် ၄ နာရီခန့်၌ ဒလန်သတင်းပေးမှုကြောင့် နေအိမ်တစ်အိမ်ရှိ မိသားစုဝင် ခြောက်ဦးကို စစ်ကောင်စီက လာရောက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းမြို့နယ်အတွင်းရှိ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီက လာရောက်ဖမ်းဆီးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိသူများနှင့်အတူ အရပ်ဝတ် လက်နက်ကိုင်ဆောင်ထားသူများက အိမ်စီးကားများဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“လူတစ်ယောက်ရဲ့ နာမည်ကိုအော်ခေါ်ပြီး အိမ်အတွင်းမှာ ရှာဖွေတာတွေလုပ်တယ်။ ပြီးတော့ အိမ်မီးကို အမှောင်ချလိုက်ပြီး အိမ်ထဲမှာရှိတဲ့ သူတွေအားလုံးကို ခြံထဲကို ခေါ်ထုတ်တယ်။ ပြီးတော့ ရိုက်နှက်တယ်။ နောက်ဖေးလမ်းကြားထဲကိုလည်း လက်နှိပ်ဓာတ်မီးတွေနဲ့ ထိုးပြီးရှာတယ်။ ကြည့်ရတာလိုချင်တဲ့ သူမရလို့ မိသားစုကို ပြဿနာရှာတာဖြစ်နိုင်တယ်။ အရပ်ဝတ်တွေနဲ့က သေနတ်ကိုင်ပြီးလာတာ ဆိုတော့ ဓားမြသာသာတွေပါပဲ” ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ယင်းမိသားစု၏ ရပ်ကွက်အတွင်း နေထိုင်မှု ပုံစံမှာ အများအားဖြင့် အဆင်ပြေအောင်နေတတ်သူများဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည်မှာ လည်း ကြာပြီဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်အတွင်းရှိ ယင်း အမှတ် (၃၃) ရပ်ကွက်တွင်း နေထိုင်သူများသည် မကြာခဏဆိုသလို စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်းများ ကြုံနေရပြီး၊ ယင်းမြို့နယ်သည် နွေဦးတော်လှန်ရေး လှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်သည့် မြို့နယ်တစ်မြို့နယ် လည်းဖြစ်သည်။

ယင်းမြို့နယ်တွင် လွတ်မြောက်နယ်မြေရောက် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဖေ့စ်ဘွတ်ဆယ်လီတစ်ဦးဖြစ်သူ ပန်ဆယ်လိုနှင့် ဒါရိုက်တာ ကိုပေါက်အပြင် အခြား အနုပညာရှင်များပါ နေထိုင်ခဲ့ကြကြောင်း သိရသည်။

#Mizzima

#ရန်ကုန်တိုင်း

#ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)

#စိန်ပန်းမြိုင်လမ်း

#ရိုက်နှက်ဖမ်းဆီး

#ဒလန်သတင်းပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly