မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ် သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ဦးသန်းဝင်းထွဋ်သည် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီကျော်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

အဆိုပါ ကျော်ဇံကျေးရွာရှိ ရပ်ကျေး စာရေးတစ်ဦးကို PDF တပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူးဟောင်း နှုတ်ထွက်သွားချိန် ၎င်းအစား ဦးသန်းဝင်းထွဋ်ကို စစ်ကောင်စီက ခန့်ထားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

"ပထမ အုပ်ချုပ်ရေးမှူး ကြောက်လို့ နှုတ်ထွက်သွားပြီးမှ စစ်ကောင်စီက အသစ် ခန့်လိုက်တဲ့သူပါ။ မနေ့ညကတော့ အပစ်ခံလိုက်ရတယ်။ ခေါင်းကိုပစ်တာ ပါးကနေ ဖောက်ပြီး ပါးစပ်ထဲကို ကျည်ဆံဝင်သွားတယ်လို့ ကြားတယ်။ သေမသေတော့ မသိရသေးဘူး"ဟု ၎င်းက ဆိုသည်။

ဦးသန်းဝင်းထွဋ် အပစ်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီ တပ်များနှင့် ရဲများ ကျော်ဇံ ကျေးရွာသို့ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသူ ဦးသန်းဝင်းထွဋ်အား ခေါ်ဆောင်သွားကြကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required