တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)
“ကျနော်တို့ဒေသကတော့ အခုမှ ခံရတာမဟုတ်ဘူး၊ နှစ်ပေါင်း ၇၀ကျော်ခံလာရတာ အသစ်အဆန်း မဟုတ်တော့ဘူး။ ဒီတစ်ကြိမ်က နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်တာပေါ့။”
မြဝတီခရိုင်၊ ဒေါနအရှေ့ခြမ်းရှိ တိုက်ပွဲကြောင့် တိမ်းရှောင်ပြေးနေရသူများအတွက် အကူအညီပေးနေသည့် အရေးပေါ် စစ်ရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ၏ ပြောခွင့်ရသူ စောအယ်ဟူးနှင့် ကေအိုင်စီ-ကရင်သတင်းဌာန တွေ့ဆုံမေးမြန်းခြင်း
မေး – အန္တရာယ်ကြားက ပြေးလွှားနေရတဲ့ ဒေသခံ အရပ်သားတွေအတွက် အဓိက စိန်ခေါ်ချက်တွေက ဘာတွေဖြစ် မလဲ။
အဓိက က နေထိုင်ရတဲ့နေရာပဲ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလမှာ သူများတွေ လာလှူပေးတဲ့ စောင်တွေ၊ အဝတ်အစား တွေ အနည်းငယ်ရှိတာပေါ့။ ဒါပေမဲ့ အိမ်မဟုတ်တဲ့အတွက် နေ့ဘက်ကျတော့ ပူတာပေါ့။ ညဘက်ရောက်တော့ အေး တာပေါ့။ နောက်ပြီး ဘေးကင်းလုံခြုံတဲ့ နေရာမဟုတ်တဲ့အတွက် တော်ကြာရင်း ပြေးရတော့မလား၊ ပြေးရင်းလွှားရင်း သူများဖမ်းမိမလား။ စစ်ကောင်စီဘက်က လှမ်းပစ်တဲ့ လက်နက်ကြီးတွေ သူတို့ဆီကို ကျကွဲမလားဆိုပြီး ကြောက်ရွံ့နေ ရတာပေါ့။
မေး – ပြေးလွှားနေရတာက ရက်ကြာလာတာနဲ့အမျှ သူတို့အတွက် အဓိက လိုအပ်ချက်က ဘာတွေဖြစ်မလဲ။
ပြေးလွှားနေရတဲ့အထဲမှာ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အဲ့ဒါတွေ မကဘူး။ မသန်စွမ်းတွေပါ ပါတယ်။ ပြန် ကြည့်မယ်ဆိုရင် ကျန်းမာရေးကိစ္စက အရမ်းအရေးကြီးတာပေါ့။ ပြေးလွှားနေရတဲ့အချိန်မှာ ရေကောင်းရေသန့်တွေ၊ ဆေးဝါးတွေ တချို့က ဒီအတိုင်းဘာမှမပါဘဲ ပြေးလာရတဲ့သူတွေလည်းရှိတော့ အဲ့ဒီကျန်းမာရေးကိစ္စတွေက အရေး ကြီးတာပေါ့။
မေး – ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့ကတည်းက ယနေ့အချိန်ထိ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခ အခြေအနေနဲ့ ဒုက္ခသည် တွေရဲ့အခြေအနေတွေက ရှေ့ဆက် ဘာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆမိလဲ။
လျှော့နည်းကျသွားတာမျိုးတော့ ရှိမှာမဟုတ်ဘူး။ ပိုပြီးပြင်းထန်ဖို့ပဲ ရှိတယ်။ ဘာဖြစ်လဲဆိုတော့ စစ်တပ်က ဝေါလေတို့ မောခီးတို့၊ ကနဲလေးတို့၊ စုကလိတို့၊ သေ့ဘောဘိုးနဲ့ အူးကရေ့ထာ့တို့လိုနေရာတွေမှာရှိနေတော့ အဲ့နေရာတွေမှာက နှစ် တိုင်း ရိက္ခာတွေလာပို့ပေးနိုင်ပေမဲ့ အခုအခြေအနေအရ ပို့လို့မရတဲ့ အနေအထားမှာ သူတို့ တပ်အင်အားတွေ တိုးချဲ့ပြီး တော့ တက်လာတာမျိုးရှိတဲ့အတွက် တိုက်ခိုက်မှုကတော့ လျော့နည်းသွားဖို့ မရှိဘူး။ ပိုပြင်းထန်လာဖို့ပဲ ရှိတယ်။ ရန်သူ ဘက်က ထိုးစစ်ဆင်တာတွေ ဆက်ပြီးလုပ်မယ်ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ပြင်းထန်လာဖို့ရှိသလို ကျနော်တို့ရဲ့ ပြည်သူတွေအတွက်လည်း စိန်ခေါ်မှုက ပိုကြီးမားလာလိမ့်မယ်။ တိုက်ပွဲကနေ ဘေးလွတ်နိုင်မဲ့ နေရာရှာနိုင်ဖို့က အဓိက စိန်ခေါ်ချက်လို ဖြစ်လာနိုင်မယ်။
ထိုင်းဘက်ခြမ်းကလည်း ကျနော်တို့ကို ဘယ်လိုလက်ခံနိုင်မလဲ မသေချာဘူးလေ။ နောက်တစ်ဖက်မှာက လည်း ဒေသခံတွေရဲ့လုပ်ငန်းတွေက မပြီးသေးဘူး။ တချို့ သူတို့ပြောင်းဖူးတွေ အကုန် မချိုးရသေးဘူး။ အလုပ်တွေ အကုန်လုံးစွန့်ပြီး ပြေးလွှားနေရတဲ့သူတွေလည်း ရှိတာပေါ့။ တချို့က ချိုးပြီးတာတောင် ဒီအတိုင်း မရောင်းရသေးဘဲ ချန်ထားခဲ့ရတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ ဒေါနအရှေ့ခြမ်းက ပြည်သူတွေအားလုံး ဒုက္ခ ရောက်ဖို့ အလားအလာပဲ ရှိနေတယ်။
မေး – လေးကေ့ကော် စပြီး ဒီနယ်တစ်ကြောမှာ ပြေးလွှားနေရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေအတွက်က ဘယ် လောက်ရှိနိုင်ပြီးတော့ သူတို့အတွက် ဖြေရှင်းပေးနိုင်ဖို့ ကော်မတီဖွဲ့လုပ်ဆောင်မှု အစီအစဉ်တွေလည်းရှိတဲ့အပေါ်မှာ အခြေအနေလေး ပြောပြပေးပါ။
ကျနော်တို့ကော်မတီဖွဲ့ပြီးတော့ လုပ်ဆောင်နေပေမဲ့ ရပ်ကွက် ၅ခုအထိ ကျနော်တို့ သတ်မှတ်ထားပေမဲ့လည်း အရေအ တွက် အတိအကျကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ပြောနိုင်တာက ပြေးလွှားနေရတဲ့ ကျေးရွာမှာ ဆိုရင် ဖလူးကျေးနယ်အုပ်စုထဲမှာပဲဆိုရင် မယ်ထော်သလေး၊ ပဟိကလော်၊ အင်ကြင်းမြိုင်၊ ဖလူး၊ ဖလူးလေး၊ ရသေ့ဂူ၊ ထီးဟောထော၊ လေးကေ့ကော်၊ ထီးမယ်ဝါးခီး ပါတယ်။ အဲ့ရွာတွေက အကုန် ရွှေ့ရတယ်။ အူးကရေ့ထာ့မှာက အိမ်မှာ မအိပ်ရဲကြဘူး။ သေ့ဘောဘိုးရွာဆိုလည်း စစ်တပ်စခန်းနဲ့နီးတော့ ရှောင်နေရတဲ့ အနေအထားမှာရှိနေပြီး။ အရေအတွက် အတိအကျကတော့ ကွင်းဆင်းကောက်ယူမှု မပြီးသေးတဲ့အပေါ်မှာ မပြောနိုင်ဘူး။ ဒါပေမဲ့ လေးကေ့ ကော်တစ်ခုပဲ နှစ်သောင်း(၂၀၀၀၀)လောက်ရှိတော့ ကျနော်တို့ဘက်ပါ ပါရင်တော့ ၂သောင်းကျော်လောက်ရှိပြီး။ ထောင်နဲ့ချီပြီးလည်း ထိုင်းနိုင်ငံထဲမှာ ရောက်နေလောက်ပြီး။
မေး – စစ်ရှောင်နေသူတွေအတွက် ရေရှည် ကူညီသွားနိုင်မဲ့ အစီအစဉ်တွေကိုကော ကော်မတီအနေနဲ့ ဘာတွေစီစဉ်လုပ် ဆောင်ထားပြီးပြီလဲ။
ကျနော်တို့ကော်မတီအနေနဲ့က အစီအစဉ် ရှိထားပါတယ်။ CIDKP လို အဖွဲ့အစည်းတွေနဲ့ ပြောဆိုဆွေးနွေးထားတာ မျိုးရှိပြီးတော့ ဒီကိစ္စက လပိုင်းနဲ့ မပြီးနိုင်ဘူးလို့ ကော်မတီအနေနဲ့ တင်ပြထားတာမျိုးရှိတဲ့အတွက် ကျနော်တို့ မိခင် KNU-အစည်းအရုံးအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်ပေးနေတာမျိုး ရှိပါတယ်။ ဒီကော်မတီတစ်ခုပဲ မဟုတ်ဘဲနဲ့ မြေပြင်အောက်ခြေမှာရှိတဲ့ အစုအဖွဲ့တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတာပေါ့။
မေး – ဒီတိုက်ပွဲကြောင့် ဒေသခံ အရပ်သားတွေရဲ့ နေအိမ် အဆောက်အအုံတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေတွေလည်း ပြောပြပေးပါအုံး။
သေ့ဘောဘိုးဘက်မှာတော့ လူထိခိုက်တာမျိုး မရှိဘူး။ ဒါပေမဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာမျိုးတော့ ရှိတယ်။ ပြောင်းခင်းထဲကျတာလည်း ရှိတယ်။ အဲ့ဒါ မကဘူး။ ထိုင်းဘက်ခြမ်းကိုကျော်ပြီး ကရင်အိမ်တွေ သွားထိတာလည်းရှိ တယ်။ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်တာပဲ။ စစ်သားအချင်းချင်းနေရာကို သွားထိတာမျိုးလည်း မဟုတ်ဘူး။
မေး – တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့ ဒေသခံ အရပ်သားတွေ ထိခိုက်ခံရတာချည်းပဲ။ အဲ့အပေါ်မှာ ဒေသခံတွေရဲ့ ခံစားချက် အမြင်တွေက ဘယ်လိုတွေရှိလဲ။ ဘယ်လိုဖြစ်စေချင်လဲ။
ကျနော်တို့ ဖြစ်စေချင်တာက တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ အတင်းအဓမ္မ အာဏာသိမ်းယူတာကို ကျနော်တို့ ပြည်သူ တွေ လက်မခံနိုင်ဘူး။ အခုတိုက်ပွဲကလည်း စစ်တပ်က အာဏာသိမ်းယူလို့သာ ဖြစ်လာတဲ့ပြဿနာပဲ။ မင်းအောင်လှိုင် သာ အာဏာမသိမ်းရင် တိုက်ပွဲတောင် ဖြစ်လာမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အကုန်ပျက်၊ ဆက်သွား လို့ မရဘူး။ အာဏာကို အတင်းရယူလို့ တစ်တိုင်းပြည်လုံး တိုက်ပွဲဒဏ်ခံနေရတာပေါ့။ ကျနော်တို့ဒေသကတော့ အခုမှ ခံရတာမဟုတ်ဘူး နှစ်ပေါင်း ၇၀ကျော်ခံလာရတာ အသစ်အဆန်း မဟုတ်တော့ဘူး။ အဲ့တော့ ဒီတစ်ကြိမ်က နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်တာပေါ့။ အဲ့ဒါကြောင့် ကျနော်တို့ပြည်သူတွေကော၊ ကွဲပြားနေတဲ့ လက်နက်ကိုင်အုပ်စုတွေကော ပြန် လည်စုစည်းပြီး စည်းစည်းလုံးလုံး ဒီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ အချိန်တန်ပြီး။ ကျနော်တို့ပြည်သူတွေအနေနဲ့ လည်း လာမယ့်အနာဂတ် မျိုးဆက်သစ်တွေအတွက် ဆက်ခံရဖို့ မလိုလားတော့ဘူး။ လက်နက်နဲ့ အတင်းအဓမ္မ အုပ်ချုပ် တဲ့ကာလကိုလည်း မလိုလားတော့ဘူး။
မေး – အခု ကျောင်းသူကျောင်းသားတွေအတွက်လည်း အနာဂတ်အတွက် ဘယ်လိုတွေ စိန်ခေါ်မှု ရှိနေလဲ။
ဒီကျောင်းသားတွေအတွက် အခုဆို စိတ်အပူရဆုံးပဲ။ ဒီရွာတစ်ရွာထဲကပဲ လာတက်တာ မဟုတ်ဘူး။ တခြားရွာက အဝေးကြီးလာရပြီး မိဘတွေနဲ့ အနေဝေးနေရတယ်။ အခု တိုက်ပွဲဖြစ်တော့လည်း ထပ်ဝေးရပြန်တယ်။ သူတို့အတွက် ထိခိုက်တာမျိုး မရှိရအောင်လည်း အတော်လည်း စိုးရိမ်ပူပန်နေရတယ်။ ၂ခါပဲ စာမေးပွဲဖြေပြီးသေးတယ်။ နောက်ဆုံး စာမေးပွဲလည်း ကျန်သေးတယ်။ အခုလို ပြေးလွှားနေရတော့ သူတို့မှာလည်း စာကို စိတ်မဝင်စားနိုင်တော့ဘူး။ သူတို့ကို ကြည့်ရတာက အခုပဲ ပြေးရမှာလား၊ ညကျရင်ပဲ ပြေးရမှာလား၊ နက်ဖန်ပဲ ပြေးရမှာလားဆိုပြီး ဒါကိုပဲ အာရုံစိုက်နေရ တော့တယ်။ အလားတူပဲ ကျနော်တို့ ဆရာ၊ဆရာမတွေအတွက်လည်း ပူပန်နေရတယ်။