ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ဆန်သယ်ယူခွင့် ကန့်သတ်ခံနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုနှစ်ဇန်နဝါရီလ ၃ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှသိရသည်။

20 Jan 2022

DMG ၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုနှစ်ဇန်နဝါရီလ ၃ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ အုပ်ချုပ်မှုနယ်မြေနှစ်ပိုင်းတွင်ရှိနေသည့် ဒါးလက်ချောင်းကျေးရွာအုပ်စုမှာ ဆန်သယ်ယူခွင့်ကို မည်သည့်အကြောင်းအရာကြောင့် ကန့်သတ်ထားသည်ကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံများကဆိုသည်။

“တစ်ခါသယ်ရင် ဆန်နှစ်တောင်းပဲ သယ်ယူခွင့်ရှိတယ်။ စားဖို့အတွက်ဆန်သယ်တာ။ ကျနော်တို့ထင်တာတော့ ဆန်အများကြီးသယ်ရင် တစ်ခြားနေရာကို သူတို့ကပေးမှာလားလို့ တွေးပူနေတယ်ထင်တယ်။ တစ်နေ့လုပ်မှတစ်နေ့စားဘဝတွေ အခုလိုဆန်သယ်ယူခွင်ကန့်သတ်တာက အဆင်မပြေဘူး” ဟု အမည်မဖော်လိုသည့် ဒါးလက်ချောင်းဒေသခံတစ်ဦးကပြောသည်။

ဒါးလက်ချောင်းအုပ်စုမှဒေသခံများမှာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ဝေးလွန်ခေါင်ဖျားသည့်နေရာဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးကအစ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုတွင် ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်း၊ အလယ်ကျွန်းရွာ၊ ဒါးလက်အနောက်ရွာ၊ ဒါးလက်ရှမ်းကုန်းရွာ စသည့်ကျေးရွာပေါင်း (၃၈) ရွာရှိသည်။ ရခိုင်တိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့်နှင့် ချင်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်း နေထိုင်ကြသည်။

တောင်ယာလုပ်ငန်းသာ အဓိကလုပ်ကိုင်သည့် အဆိုပါဒေသမှာ ဆန်လိုအပ်ချက်ရှိသဖြင့် အခြားဒေသမှဆန်ဝယ်ယူလိုလျှင် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် ဆန်သယ်ယူရသော်လည်း ယခုအချိန်တွင် ဆန်သယ်ယူခွင့် ပိတ်ပင်ခံရသဖြင့် ရေလမ်းခရီးမှ ဆန်သယ်ယူနေရသည်။

ယင်းသို့ဆန်သယ်ယူခွင့်ရရှိရန်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကိုရယူပြီးမှ မိသားစုတစ်စုစာအတွက် တစ်ကြိမ်လျှင် ဆန်နှစ်တောင်း(ခြောက်ပြည်)သာ သယ်ယူခွင့်ရှိကြောင်း အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“ဇန်နဝါရီ ၃ ရက်နေ့ကစလို့ လိုင်းကားတွေမှာ ဆန်နဲ့ဆီကို သယ်ယူခွင့်မရဘူး။ ရေကြောင်းကသယ်မယ်ဆိုရင်လည်း ကမ်းထောင်းကြီးက ဆန်နှစ်တောင်းအိတ်တစ်အိတ် သယ်ယူခွင့်ရတယ်။ အဲဒီလိုသယ်ယူခွင့်ရဖို့အတွက်လည်း ဒါးလက်အုပ်စုအုပ်ချုပ်ရေးမှူး ထောက်ခံစာယူရတယ်။ ထောက်ခံချက်တောင်းပြီးမှ ကဇုကိုင်းတံတားနားက စစ်ဆေးဂိတ်မှာ စစ်ဆေးခံရပါတယ်“ ဟု ၎င်းကဆိုသည်။

အမ်းမှ ဒါးလက်အုပ်စုသို့ ကုန်းလမ်းဖြင့်သွားလျှင် ကဇုကိုင်းရွာအနီးနှင့် ဒါးလက်အုပ်စုအဝင် အလယ်ကျွန်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် (၂)ခုတွင်အစစ်ဆေးခံရပြီး ရေလမ်းခရီးမှသွားလျှင် ကဇုကိုင်းတံတားအနီးတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ ပူးပေါင်စစ်ဆေးမှုကိုခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဒါးလက်ချောင်းကျေးရွာအုပ်စုမှာ ဆန်လုံလောက်မှုမရှိသဖြင့် နှစ်စဉ်အခြားမြို့နယ်များမှ ဆန်ဝယ်ယူနေရကြောင်း ဒေသခံ ဦးညီပုကဆိုသည်။

“အဓိက တောင်ယာလုပ်ငန်းပဲလုပ်ကိုင်တာများတယ်။ စပါးစိုက်တာနည်းတယ်။ ဒါကြောင့် အခြားတစ်နေရာကနေ ဆန်ဝယ်ယူစားသုံးနေရတယ်။ လယ်ယာလုပ်ငန်းပြန်လုပ်ဖို့ဆိုတာလည်း မိုင်းအန္တရာယ်ကရှိနေတော့ စပါးမစိုက်ဖြစ်ဘူး” ဟု ၎င်းက ပြောသည်။

ဒါးလက်ချောင်းအုပ်စုတွင် ဒေသအခေါ် ဆန်ကြမ်း(ရွှေဝါထွန်း) ခြောက်ပြည်ကို တစ်သောင်းကျပ်ဖြင့်ဝယ်ယူနေရပြီး တခြားကုန်ပစ္စည်းဈေးနှုန်းများမှာလည်း အခြားဒေသထက် ပိုမိုဈေးနှုန်းကြီးမြင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

စားနပ်ရိက္ခာကို သယ်ယူခွင့်ကန့်သတ်ခြင်း၊ ခရီးသွားလာခွင့်ကို စိစစ်ခြင်းတို့ကြောင့် ဒေသခံများ၏စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသည်ဟု အမ်းမြို့နယ်အခြေစိုက် မေတ္တာရှင်ပရဟိတအဖွဲ့မှ ကိုစိုးဝင်ကပြောသည်။

အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုမှဒေသခံများမှာ အမ်း၊ ကဇုကိုင်းမြို့သို့ ကုန်းလမ်း၊ ရေလမ်းခရီးဖြင့်သွားနိုင်ပြီး ကမ်းထောင်းကြီးမြို့ကို ရေလမ်းခရီးမှသွားရောက်ကာ ဆန်၊ ဆီ၊ ဆားအပြင် တခြားလူသုံးကုန်ပစ္စည်းများကို အဓိကဝယ်ယူစားသုံးနေကြသည်။

ယခုကဲ့သို့ ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး အမ်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးကိုမေးမြန်းရာ “ကျနော်တို့ရုံးကိုတော့ ဒီလိုမျိုးဆန်သယ်ယူတာနဲ့ပတ်သက်ပြီး တင်ပြလာတာတွေမရှိဘူး။ ဒေသခံတွေတင်ပြလာမှ ကျနော်တို့သိမှာပေါ့နော်။ သူတို့ဘယ်လိုမျိုးအခက်အခဲဖြစ်နေတယ် ဆိုတာကို တင်ပြလာရင်လည်း သူတို့တင်ပြတဲ့အပေါ်မူတည်ပြီး ဖြေရှင်းပေးမှာပါ“ ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ