ကျနော် စစ်ဘေးရှောင်

ကျနော် စစ်ဘေးရှောင်

ဇန်နဝါရီ ၁၉

ဇာတ်လမ်းက မြဝတီတောင်ဘက် ၁၀ မိုင်ခန့်အကွာ လေးကေ့ကော် ကနေ စရပါမည်။ လေးကေ့ကော် အကြောင်းနှင့် ပတ်သက်၍ သတင်းတွေထဲမှတစ်ဆင့် လူတိုင်းလိုလိုသိရှိထားပြီး ဖြစ်ပေလိမ့်မည်။ တိုက်ပွဲတွေနဲ့ မလှမ်းမကမ်းမှာရော တိုက်ပွဲကြားမှာပါရှိနေခဲ့သည် ကျနော်သည်လည်း နောက်ဆုံးတော့ စစ်ရှောင်တစ်ဦး ဖြစ်သွားရသည်။ ယခင်က ထိုနေရာတွင် စစ်ဖြစ်မယ်ဆိုတာလည်း မသိပါ။ ကြီးကြီးမားမား ဖြစ်မည်ဟုလည်း ထင်မှတ် မထားပါ။

လေးကေ့ကော်ကို ရောက်ရခြင်း ရည်ရွယ်ချက်သည် ရန်ကုန်မြို့တော်ကြီး၌ နေထိုင်၍မရတော့ခြင်း၊ ထို့ကြောင့် ရွာလေးတစ်ရွာမှာ သွားနေရင်း အခြေအနေက ကိုယ့်ဘက်မှာ မရှိတော့ခြင်းကြောင့် ရှောင်ပြေးလာရခြင်းပဲ ဖြစ်သည်။

ရောက်စညတွင် မည်သူမှ ဧည့်စာရင်း လာမစစ်တော့၊ စကစတပ်သားများ လာနေကြပြီဆိုလို့ ပြေးရှောင်စရာလည်း မလိုတော့ဘဲ စိတ်လွတ်ကိုယ်လွတ် တစ်ညတာ အိပ်စက်လိုက်ရသည်။ နောက်နေ့တွင် အိမ်ကို သတိရခြင်း၊ ရွာကိုသတိရခြင်း ၊ မလွတ်မလပ်ပြည်သူများကို သတိရခြင်း၊ စာနာတတ်ခြင်းတို့ကြောင့် ခါတိုင်းလိုပင် အိပ်မရ ရက်တွေရှိ ရှိနေတတ်သည်။

လေးကေ့ကော်ရောက်ပြီး တစ်ပတ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးမည်ဆိုသည့် ပထမဆုံး စိတ်ပျက်စရာ သတင်းစကား စကြားရသည်။ အရင်ရောက်နှင့်နေသူများက ပြောကြသည်။ ဘာမှမဟုတ်ပါဘူး အရင်ကလည်း မကြာခဏ အဲဒီလိုပဲလာလာနေကျ၊ ခုဟာက ငါးကြိမ်မြောက် ဖြစ်သည်ဟု ပြောသည်။ စကစများ လေးကေ့ကော်ရုံးသို့လာကြသည်။ အမှတ် (၆) ရပ်ကွက်အတွင်းသို့ သွားရောက်၍ လူမနေသည့်အိမ်များနှင့် ဒေသခံအိမ်အချို့ကို ဝင်ရောက်ကြည့်ရှု ဓာတ်ပုံရိုက်သွားကြသည်၊ ဒရုန်းများဖြင့်လည်း ဗီဒီယိုလည်းရိုက်ကြသည်ဟု ပြန်ကြားရသည်။

အမှတ်မထင်နေလာရင်းပင် စကစများ ခြောက်ကြိမ်မြောက် လေးကေ့‌ကော်ရုံးသို့ ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးကာ (၆) ရပ်ကွက်ကိုသွားရောက်ပြီး နေအိမ်များကို ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်သွားသည်။ ရက်အနည်းငယ်အကြာတွင် လေးကေ့ကော်ရုံးသို့ အကြမ်းဖက်စစ်တပ်မှ လာရောက်၍ ပြည်သူ့ ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ PDF များ၊ CDM များနှင့် ရန်ကုန်ဗုံးပေါက်ကွဲမှုများတွင် ပါဝင်သူများ ရှိနေ၍ စစ်ဆေးရှာဖွေရန် ခွင့်တောင်းရာ အဆင်မပြေဖြစ်ပြီး လေးကေ့ကော်တာဝန်ရှိသူများနှင့် စကစ တင်းမာမှုများဖြစ်သွားကြသည်ဟု သိရသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ဖြစ်သည်။

ထိုနေ့ ညအချိန်တွင် မနက်ဖြန် စကစက အင်အား ၂၀၀ ဖြင့် စစ်ကြောင်းခွဲ၍ လေးကေ့ကော် အမှတ်‌(၆) ရပ်ကွက်ကို ဝင်စစ်မည်၊ ရှောင်ထားကြဖို့ အချင်းချင်း ဆက်သွယ်ပြောဆိုကြသည်။ အများစုက ‌ရှောင်ကြသည်။ တချို့ အဝေးသို့ရှောင်ကြ ၊ တချို့ အနီးနား ရပ်ကွက်သို့ တိမ်းရှောင်ကြသည်။

ဒီဇင်ဘာ ၁၄ ရက် နံနက် ၆ နာရီကျော်တွင် စကစ အင်အား ၂၀၀ ဖြင့် စစ်ကြောင်း လေးကြောင်း ခွဲဖြန့်ပုံသဏ္ဌာန်ဖြင့် စစ်ဆင်ရေးအသွင် ချီတက်လာသည်ကို မြင်နေရသည်။ အမှတ်(၆)ရပ်ကွက်တွင် ဖမ်းဆီးမှုများ စတင်တော့သည်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် နှင့် အိမ်မဲ ကိုယ်စားလှယ် ဒေါက်တာပြည်ဖြိုး အပါအဝင် ၂၃ ယောက်ကို ဖမ်းဆီးသွားပြီး၊ (၆) ရပ်ကွက် တစ်ခုလုံးနှင့် (၃) ရပ်ကွက်ကိုပါ ဝင်ရောက်ဖမ်းဆီးကြသည်။ မူလသဘောတူထားပုံရသည့် အမှတ်(၆)ရပ်ကွက် တစ်ခုတင် မဟုတ်တော့ဘဲ အမှတ်(၃)ရပ်ကွက်ကိုတောင် ဝင်ရောက်ဖမ်းဆီးပြီး အမှတ်(၁)ရပ်ကွက်ကိုပါ ဝင်ရောက်မည်ဟု စကစက ဆိုလာသောကြောင့် KNU ဗဟိုမှ ဆက်လက်ရှာဖွေ ဖမ်းဆီးခွင့် မပြုတော့ကြောင်း ဆက်လက်ပြီးအခြားရပ်ကွက်များကို ဝင်ရောက်ပါက ပစ်ခတ်မည်ဟု အကြောင်းကြားရာ နှစ်ဖက်တင်းမာမှုများ ဖြစ်ပေါ်ပြီး နောက်တစ်နေ့တွင် နဂိုကတည်းက အစီအစဉ်ရှိပုံရသော စကစသည် သေနတ်အနည်းငယ်ပစ်ဖောက်ပြီး လေးကေ့ကော်အနီးရှိ စကစ၏ အမြောက်ကုန်းမှလက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ကာ KNLA၊ KNDO၊ DKBAတို့နှင့် တိုက်ပွဲ စတင်ပါတော့သည်။ ထိုနေ့ကား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ပင်။

စကစသည် ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် မြဝတီမြို့ဘက်မှ မယ်ထော်သလေး၊ ပဲဟိကလော်၊ မေတ္တာလင်းမြိုင်၊ ကျောက်ဂူရွာဘက် တစ်ကြောလုံးကို နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ကူများဖြင့် လက်နက်ကြီးများကို အဆက်မပြတ်ပစ်၍ မြေပြင်စစ်ကြောင်းများကို အင်အား အဆမတန်သုံးကာ တစ်ရွာပြီး တစ်ရွာဝင်ရောက်တိုက်ခိုက်ရာ KNLA၊ KNDO၊ DKBAနှင့် PDF တွေ က ရွာထဲရှိ ပြည်သူများ၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးပြီး ရွာများကို စွန့်ခွာ ဆုတ်ပေးကြရသည်။

မယ်ထော်သလေး၊ ပဲဟိကလော်၊ မေတ္တာလင်းမြိုင်နှင့် ကျောက်ဂူရွာဘက်ခြမ်းမှ ပြည်သူအများစုသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကာ စစ်ဘေးရှောင်ရသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် လေးကေ့ကော်နှင့် တစ်မိုင်ကျော်အကွာရှိ ထီးမယ်ဝါးခီးရွာအနီးတွင်တိုက်ပွဲဖြစ်ကာ လက်နက်ကြီးကျည် ရွာထဲကျပြီး‌နောက် ထိုရွာမှ တစ်ဖန် ဖလူးကြီးရွာသို့ တစ်ရွာလုံး စစ်ရှောင်ရတော့သည်။

နေ့နေ့ညည လက်နက် ကြီးပေါက်ကွဲသံတွေက မကြာခဏဆိုသလို ခပ်စိပ်စိပ်ကြားရလိုက်၊ ခပ်ကျဲကျဲကြားရလိုက်နှင့်။

ဒီဇင်ဘာ ၁၉ ရက်နေ့ တစ်နေ့လုံး အေးချမ်းနေသော ဖလူးကြီးရွာသည် ညနေ ၄ နာရီအကျော်၌ ရွာအနောက် မြောက်ဘက်မှ သေနတ်ပစ်သံများ စတင်ကြားရပြီး ကလေး၊ လူကြီးနှင့် အမျိုးသမီးများ ပြေးလာကြသည်။ ၎င်းတို့ နောက်တွင် စကစတပ်မှ သေနတ်ဖြင့် ရှေ့ပစ် နောက်ပစ် ရမ်းပစ်၍ ရွာထဲအတင်းပြေးဝင်လာကြသည်။ နောက်မှနေ၍ DKBA က လိုက်ပစ်နေခြင်းဖြစ်သည်။ ရွာတစ်ဖက်ရှိ စကစ တပ်စွဲထားသည့်နေရာသို့ စကစများ သေပြေး၊ ရှင်ပြေး ပြေးရခြင်း ဖြစ်သည်။

ရွာထဲရှိ ကလေးတွေကိုလည်း သေနတ်မှန်သည်၊ လူကြီးတွေကိုလည်း သေနတ်ကျည်ထိသည်၊ DKBA ရဲဘော်တစ်ဦး ပြည်သူတစ်ယောက်ကို ရှေ့မှ အကာအကွယ်ပေးရင်း ကျည် သုံးချက်မှန်ကာ ပြည်သူအတွက် အသက်ပေးသွားသည်။

နောက်မှသိရတာက မယ်ထော်သလေးဘက်မှ စစ်အင်းအား ၃၀ နှင့် ရိက္ခာသယ်အဖွဲ့ သည် ရိက္ခာပြတ်နေသော အမြောက်ကုန်းသို့ ထီးမယ်ဝါးခီးနှင့် ဖလူးကြီးရွာအကြားမှ ဖြတ်အတက်တွင် ကင်းပုန်းဝပ်နေသော DKBA တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ရင်း ရွာထဲသို့ ဝင်ပြေးလာခြင်း ဖြစ်သည်။ တိုက်ပွဲတွင် ရွာထဲသို့ လက်နက်ကြီးကျည် အလုံး ၂၀ ထက်မနည်း စကစက ပစ်ကူပေးသည်၊ တိုက်ပွဲသည် ည ၇ နာရီ ခွဲ တွင်ငြိမ်သက်သွားသည်။

၈ နာရီအချိန်တွင် DKBA တပ်ဖွဲ့ဝင်များက တစ်ရွာလုံးကို ဖလူးကြီးရွာတွင် မလုံခြုံဟုဆိုကာ ဖလူးလေးရွာရှိ သောင်ရင်းမြစ်နံဘေး DKBA တပ်ဖွဲ့ ဗိုလ်စလုံး စခန်းသို့ ညတွင်းချင်း ပြောင်းရွှေ့ပေးသည်။ ဗိုလ်စလုံးစခန်းတွင် စစ်ဘေးရှောင်များ ရွာလုံးကျွတ်ပုံထပ်သွားသည်။ ဗိုလ်စလုံးစခန်း၏ တစ်ဖက်ကမ်း တွင် ထိုင်းနိုင်ငံရှိပြီး ညနေက တိုက်ပွဲဖြစ်ချိန် တစ်ဖက်ကမ်းသို့ ကူးနေသူ စစ်ရှောင် ဦးရေ ၅၀ကျော်ရှိသည်ဟု သိရသည်။

စစ်ရှောင်များသည် မြေကြီးပေါ်တွင် တာလပတ်အပြာရောင်အစင်းကျားကြီးခင်းကာ တန်းစီအိပ်ကြရသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဒုက္ခပိုပြီးရောက်ကြသည်။ တချို့ကလေးငယ်များသည် ကိုယ့်တနိုင် အဝတ်နှင့် စားစရာများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး လူကြီးများနည်းတူ ကျည်ကွယ်မျက်ကွယ်တွင် ဝပ်နေကြတာကိုတွေ့ရသည်။

ကလေးငယ်တို့၏ မျက်နှာကို အကဲခတ်ရသည်မှာ တစ်စုံတစ်ရာကို ကျေနပ်မှုမရှိသလိုတွေ့ရပြီး အများအားဖြင့် နှုတ်ဆိတ်နေကြသည်။ သူတို့နေထိုင်သောရွာများတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကတည်းက ရံဖန်ရံခါ တိုက်ပွဲတွေ၊ စစ်ရှောင်ရတာတွေ ဖြစ်ဖူး ကြုံဖူး တချို့လည်း လက်နက်ကြီးမှန် သေနတ်မှန် သေဆုံးကြသည်ဟု ရှေးမီ နောက်မီ ရွာသားမျာက ပြောပြတာကိုလည်း သိရသည်။

နောက်နေ့တွေမှာတော့ လေးကေ့ကော်မြို့သစ်တွင် KNLA ၊ KNDO နှင့် DKBA တပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ထုတ်နေကြောင်း၊ တိုက်ပွဲပြင်းထန်ကြောင်းတွေကြားနေရသည်။ ဒီဇင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းမှာတော့ ထီးမယ်ဝါးခီးရွာထိပ်၌ လက်နက်ကြီးကျည် အမြောက်အမြားကျ၍ ဖက်ဒရယ်သတင်းအယ်ဒီတာ တစ်ဦး သတင်းယူနေစဉ် လက်နက်ကြီးအစ ဦးခေါင်းမှန်ကာ ကျဆုံးခဲ့ရသည်။ ဒဏ်ရာရသူ တချို့လည်းရှိသည်။ တိုက်ပွဲမှာ နောက်ပိုင်းရက်များတွင် စကစဘက်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်လာသောကြောင့် ထီးမယ်ဝါးခီးရွာမှ စကစကို ရင်ဆိုင်တိုက်နေသည့် KNLA ၊ DKBA နှင့် PDF ဖွဲ့ဝင်များ ဗိုလ်စလုံးစခန်းသို့ ဆုတ်ခွာလာခဲ့ကြသည်။

နေ့စဉ်လိုလို မယ်ထော်သလေး၊ ပဲဟိကလော်၊ မေတ္တာလင်းမြိုင်၊ ကျောက်ဂူရွာ၊ လေးကေ့ကော် စသည့် နေရာများတွင် စစ်ပွဲများ ဖြစ်နေကြသည်။ စစ်ရှောင်များလည်း တဖြည်းဖြည်းတိုးသထက်တိုး၊ များသထက် များလာနေသည်။ တစ်ရက်တွင် ဗိုလ်စလုံး စစ်ရှောင်စခန်းသို့ စကစတပ်နှင့်ပူးပေါင်းထားသော BGF ခေါင်းဆောင်အချို့ လာရောက်၍ လေးကေ့ကော်၊ ထီးမယ်ဝါးခီး ၊ ဖလူးကြီးစသည့်ကျေးရွာများတွင် တိုက်ပွဲ မရှိတော့၍ မိမိရွာသို့မိမိတို့ ပြန်ကြရန် ပြောဆိုရာ တချို့ကိုယ့်ရွာအခြေအနေပြန်ကြည့်သူတွေထဲက အမျိုးသမီးတစ်ဦး ကျည်သင့်၍ အသက်ဆုံးရှုံးသွားရပြီး စကစနှင့် BGF တို့ကို ပြည်သူတွေ ပိုပြီး အော့နှလုံးနာသွားကြသည်။

စကစတပ်များသည် လေးကေ့ကော်မြို့ရှိ DKBA တပ်စွဲထားရာ တည်ဆောက်ရေးရုံးနှင့် လတ်တလော COVID -19 စောင့်ကြည့်လူနာများထားရာ လေးကေ့ကော်အထက်တန်းကျောင်းတို့တွင် အထိုင်တပ်စွဲထားပြီး တစ်ဖက်တပ်များမှ လာရောက်ပစ်ခတ်သည်များကို ခုခံရာ၌ လက်နက်ကြီးပစ်ကူများအပြင် လေယာဉ်တွေပါ သုံးလာသည်။

စကစသည် မြဝတီမှ မေတ္တာလင်းမြိုင်နှင့် ကျောက်ဂူရွာ၊ မယ်ထော်သလေး၊ ပဲဟိကလော်၊ မင်းလက်ပံရွာ နှင့် ဖလူးကြီးရွာထိ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်တပ်များ အလုံးအရင်းနဲ့ တိုက်ခိုက်ဝင်ရောက်နေရာယူလိုက်သည်။ ထိုရွာများရှိ ရွာသူရွာသားများလည်း အားလုံးမိမိပိုင်ဆိုင်သမျှ ပစ္စည်း၊ အိုးအိမ် စသည်များကို ပစ်ထားကာ ဘေးလွတ်ရာသို့ ပြေးရှောင်ရသည်။ အဆိုးဆုံးမှာ မြန်မာဘက်ခြမ်း၌ တိုက်ပွဲဖြစ်လျှင် လက်နက်ကြီးအသံကြားလျှင် ထိုင်းဘက်ခြမ်း ထိုင်းဘက်ကမ်း ခါးလယ်လောက်ရေအနက်ရှိ သောင်းရင်းမြစ်ကို ကူးရသည်။ တိုက်ပွဲငြိမ်သည့်အခါ မြန်မာဘက်ကမ်း ပြန်ကူးရသည်။

ဟိုဘက်ကူးလိုက် ဒီဘက်ပြန်ကူးလိုက်နှင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖလူးလေးရွာ သောင်ရင်းမြစ် ကမ်းဘေး ဗိုလ်စလုံးစခန်းကို စကစ မြေပြင်တပ်များ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လာသည်။ စစ်ရှောင်များမှာ ထိုင်းဘက်ကမ်းသို့လည်းကောင်း၊ ကျောက်ခက်ရွာသို့လည်းကောင်း ပြေးရတော့သည်။

နောက်နေ့တွင် မနက်ပိုင်းမှစတင်၍ စကစတပ်များသည် ရဟတ်ယာဉ် သုံးစင်းဖြင့် လည်းကောင်း လက်နက်ကြီးပစ်ကူများဖြင့်လည်းကောင်း မြေပြင်အင်အား မြောက်များစွာဖြင့် ဗိုလ်စလုံးစခန်းအား သိမ်းပိုက်လိုက်တော့သည်။

စစ်ရှောင်များမှာလည်း ထိုင်းဘက်ခြမ်း ထိုင်းဘက်ကမ်းတွင် ဘယ်၍ ဘယ်မျှ စစ်ဘေးဒုက္ခသည်အဖြစ် နေထိုင်ရမည်မသိဘဲ ဖြစ်နေတော့သည်။ ထိုနေ့သည် ဇန်နဝါရီ ၁၄ ရက်နေ့ဖြစ်သည်။

ဤသည်ကား ကျနော့်အား စစ်ဘေးရှောင် ဖြစ်လာ‌စေသည့် အကြောင်းပင်တည်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required