Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကျည် ရွာနေအိမ်ထဲကျရောက်ပေါက်ကွဲ၍ ဆက်ကျော်သက်အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ ၃ ဦးအပြင်းအထန်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကျည် ရွာနေအိမ်ထဲကျရောက်ပေါက်ကွဲ၍ ဆက်ကျော်သက်အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ ၃ ဦးအပြင်းအထန်ဒဏ်ရာရ

1013
Photo: CJ

မတ်လ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာအတွင်း ယနေ့ နံနက် ၅ နာရီကျော် အချိန်ခန့်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ထိမှန် သေဆုံးပြီး ကျန် ၃ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ကေအိုင်စီသို့ ပြောသည်။

နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ထီးမူးထာ ဒေသခံ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း ရှိနေစဉ် ဦးခေါင်းထိမှန် သေဆုံးသွားပြီး ကျန်အမျိုးသမီးငယ်တစ်ဦးနှင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အဲ့ကလေးမလေးက မနက်အစောကြီး ထမင်းထချက်တာ။ လက်နက်ကြီးက သူ့အိမ်တည့်တည့်ပဲကျလာပြီး ပေါက်ကွဲတော့ သူ့ခေါင်းကိုထိသွားတာ သေသွားရော။ သူ ထမင်းချက်တဲ့နေရာမှာ သွေးတွေချည်းပဲ။ သူ့အမေ ကတော့ ဆေးရုံပို့ပါသေးတယ်။ ဒီမှာက ဘယ်ဆေးရုံဆေးခန်းမှ မဖွင့်တော့ လမ်းမှာပဲ သေသွားတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

Photo: CJ

ယနေ့ နံနက်အချိန်တွင် စစ်ကောင်စီမှ ၁၂၀ မမ ဖြင့် ၆ ချက်ခန့် လှမ်းပစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးငယ်တစ်ဦးအပြင် ကျန်အမျိုးသမီးတစ်ဦးမှာလည်း ဆီးအိမ်နှင့် ခါးကို ထိမှန်ထားကာ လတ်တလောတွင် သတိမေ့နေပြီး ကျန်လင်မယားနှစ်ဦးမှာ ခြေထောက်ထိမှန်ထားပြီး နေအိမ် ၂လုံးပါ ထိမှန်ခဲ့သလို ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားကြောင်းလည်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ သေဆုံးသွားသော အမျိုးသမီးငယ်သည် ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် အသက် ၁၇ နှစ်ပြည့်ခါစသာ ရှိသေးပြီး ကျောင်းသူတစ်ဦးလည်း ဖြစ်သလို အခြားဆီးအိမ်နှင့်ခါး ထိမှန်ထားသော နောက်ထပ် အမျိုး သမီးငယ်မှာလည်း ဆေးရုံဆေးခန်း မဖွင့်သောကြောင့် အောက်ဆီဂျင် ကျနေကာ စိုးရိမ်ရသည့် အနေအထားတွင်ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ ဒေသ၌ စစ်ကောင်စီ နှင့် KNLA တပ်ဖွဲ့ဝင်များအကြား မကြာခဏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ ထိတွေ့မှုဖြစ်ပွားသည်နှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် တုံ့ပြန် ပစ်ခတ်လေ့ ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။