သီပေါမြို့နယ် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်

သီပေါမြို့နယ် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်

ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နောင်အန်းကျေးရွာ အနီးရှိ တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းအနီးတွင် စစ်ကောင်စီတပ်က မြေမြှပ်မိုင်းများ ထောင်ထားမှုကြောင့် ဒေသခံ ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်နေကြကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သီပေါမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်း အနီးတွင် လုံခြုံရေး ယူထားပြီး မြေမြှုပ်မိုင်းများ ထောင်ထားကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ခေါ်ယူ အသိပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေသခံများ လုပ်ကိုင်စားသောက်ရာ တောစပ်တွင် မြေမြှုပ်မိုင်း ထောင်ထားခြင်းကြောင့် ဖယ်ရှားပေးရန် ရွာသူ ရွာသားများ သွားရောက် တောင်းပန်ခဲ့သော်လည်း စစ်ကောင်စီတပ်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖယ်ရှားပေးခြင်း မရှိခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်သည် ရခိုင်မှ တရုတ်သို့ ပို့ဆောင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသဖြစ်ပြီး အဆိုပါ ပိုက်လိုင်း အနီးတစ်ဝိုက်တွင် ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သော RCSS နှင့် SSPP၊ TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ပြည်သူများ အနေဖြင့် မြေမြှုပ်မိုင်း အန္တရာယ်နှင့် ပိုက်လိုင်းပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမည်ကို စိုးရိမ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly