ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ ရွာခံများ ရွာသို့ပြန်မလာပါက စစ်ကောင်စီတပ်က မီးရှို့မည်ဟု ခြိမ်းခြောက်

ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ ရွာခံများ ရွာသို့ပြန်မလာပါက စစ်ကောင်စီတပ်က မီးရှို့မည်ဟု ခြိမ်းခြောက်

မတ် ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်က စစ်ဘေးရှောင်နေသည့် ပြည်သူများကို ယနေ့ မတ်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ရွာသို့ ပြန်လာရန် ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံထံမှ သိရသည်။

 

စစ်ဘေးရှောင် ပြည်သူများ အနေဖြင့် မပြန်လာပါက ရွာကို မီးရှို့ မည်ဟု စစ်ကောင်စီ တပ်က ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ကျွန်မတို့ ရွာကို ပြန်ရမယ်၊ အဲ့သလိုမှ မဟုတ်ရင် တစ်ရွာ လုံးကို မီးတင်ပစ်မယ်တဲ့၊ ပြီးတော့ တောထဲမှာ တွေ့ရင်လည်း အရှင်မထားဘူး ဆိုပြီး ဖမ်းခံ ထားရတဲ့ ရွာက ကလေး နှစ်ယောက်ကို လွှတ်ပြီး ပြောခိုင်းလိုက်တယ်၊ လွှတ်ပေးလိုက်တဲ့ ကလေး နှစ်ယောက်မှာလည်း ဒဏ်ရာတွေ ဗရပွနဲ့ ရစရာ မရှိပါဘူး၊ ဒါတွေကို ကြည့်ပြီး ဘယ်သူက ပြန်ရဲမှာလည်း၊ ကူရာကယ်ရာ မဲ့တဲ့ ဘဝပါ ၊ ဒီမှာ မိသားစု တွေ အများကြီး ပြန်လည်း မပြန်ရဲကြဘူး ၊ ဘာဖြစ်မလည်း ဆိုပြီး ငိုနေရုံက လွဲ ပြီ ဘာဆို ဘာမှမတတ်နိုင်ကြဘူး”ဟု ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

”ကျွန်မတို့ ဘန့်ဘွေးရွာကို စစ်ကောင်စီ တပ်က တပ်စွဲထားတာ အချိန် တစ်လ ကျော်ပါပြီ၊ ဒီတစ်လ အတွင်းမှာ အိမ်တွေ ကို မီးရှို့လို့ရှို့၊ ကျွန်မတို့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်လို့သတ်၊ မိသားစု အတွက် ဘာဝင်ငွေမှ မရှိဘူး၊ တစ်နေ့တစ်နေ့ ရွာကို ပြန်လာရင် ကိုယ့်အိမ်ကလေးမှ ရှိပါ့မလား ဆိုတဲ့ အတွေးတွေနဲ့ အမှောင်ညတွေကို ဖြတ်သန်းခဲ့တာ ရက် ၃၀ ကျော်နေခဲ့ပါပြီ” အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပြသည်။

ဘန့်ဘွေးကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများ မှ တိမ်းရှောင်နေရသည့် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ စစ်ရှောင် ပြည်သူနောက်ထပ်တစ်ဦးက ဆိုပါသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဘန့်ဘွေးကျေးရွာ

#စစ်ဘေးရှောင်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly