BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီအား ဖိတ်ကြားမှု အရပ်ဘက် အဖွဲ့ ၁၃၆ ဖွဲ့ကန့်ကွက်

BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီအား ဖိတ်ကြားမှု အရပ်ဘက် အဖွဲ့ ၁၃၆ ဖွဲ့ကန့်ကွက်
Photo : CJ

မတ်လ ၂၄ ရက်

သီရိလင်္ကာနိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ (၅) ကြိမ်မြောက် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် အရပ်ဘက် အဖွဲ့ ၁၃၆ ဖွဲ့ လက်မှတ်ထိုးကာ အိန္ဒိယ ဝန်ကြီးချုပ်ရုံးနှင့် အဖွဲ့ဝင်နိုင်ငံများသို့ ယနေ့ မတ်လ ၂၃ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

“အမေရိကန် အစိုးရက မြန်မာ စစ်ကောင်စီကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန် တယ်လို့‌ တရားဝင် ကြေညာ ထားတယ်။ နိုင်ငံတကာမှာ လက်မခံတော့တဲ့ စစ်ကောင်စီကို BIMSTEC မှာ လာတက်လို့ မရအောင် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု India for Myanmar အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

မတ်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် ယင်းအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုရန် အွန်လိုင်းမှ လက်မှတ် ကောက်ခံခဲ့ရာ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများ၊ မြန်မာ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားနေသည့် အဖွဲ့အစည်းများ လက်မှတ် ရေးထိုးခဲ့ကြောင်း ဆိုသည်။

ယနေ့ ပို့ပေးခဲ့သော စာတွင် ဖက်ဆစ် စစ်တပ်နှင့် ဆက်စပ် ပတ်သက်မှုများ ရပ်တန့်ရန် ၊ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကြီး၏ တောင်းဆိုချက်များ အလေးထားရန်၊ BIMSTEC ခေါင်းဆောင်များသည် ထိပ်သီး ညီလာခံတွင် မြန်မာ့ အရေး လူသား ဂုဏ်သိက္ခာနှင့် လူသားမျိုးနွယ်တို့၏ အရေး ရှေးရှု ဆွေးနွေးရန် တောင်းဆို ထားသည်။

India for Myanmar အနေဖြင့် ဒုတိယ အကြိမ်မြောက် ကန့်ကွက်စာ ပေးပို့ခြင်း ဖြစ်ပြီး သံရုံး အရာရှိများ ပြန်လည် ဆက်သွယ် မေးမြန်းခြင်းများ ရှိသောကြောင့် အကျိုးသက်ရောက်မှု ရှိမည်ဟု ဆိုသည်။

BIMSTEC အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ နီပေါ နှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

နှစ်ခြာက်လုံးနေ့ ကလည်း BIMSTEC ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုးဒီနှင့် အိန္ဒိယနိုင်ငံ အခြေစိုက် BIMSTEC အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများသို့ India for Myanmar က အိတ်ဖွင့် ပေးစာများ ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required