spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဒေါတော်ကူးကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပြီး ဒေသခံနှစ်ဦးထိ၊ တစ်ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါတော်ကူးကျေးရွာမှာ ယမန်နေ့ မတ်လ ၂၈ရက်နေ့ ညနေ ၂နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး ကျရောက်ပြီး ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေါတော်ကူးကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့တာပါ။

“ မနေ့က ညနေ ၃ နာရီလောက်မှာ သူတို့ အိမ်မှာ အများကြီးရှိတော့ တချို့ အရင်ပြန်နှင့်မယ် သူတို့ပြောတော့ ပထမတစ်ယောက် အရင်ထွက်ပြန်လိုက်တယ်။ သူလည်း ထွက်ပြန်တော့မလို့ အပြင်မှာ ဆိုင်ကယ်စီးဖို့ ထွက်စောင့်နေတဲ့ အချိန်မှာ လက်နက်ကြီးတစ်လုံးက သူ့ရှေ့မှာ လာကျတယ်။ ပြီးတော့ သူ့ရဲ့ ဦးခေါင်းကို ထိသွားတယ်။ သူအဲ့မှာပဲလဲသွားတယ်။ သူ့ကို ခေါ်ပြန်တဲ့အချိန်မှာ အသက်တော့ရှိသေးတယ်။ ဒါပေမယ့် ဆေးရုံရောက်တဲ့ အချိန်မှာတော့ အသက်မရှိတော့ဘူး။ သွေးထွက်လွန်သွားတယ်ကော။ ဦးနှောက်ပွင့်သွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဆေးရုံမှာ ဆုံးသွားတာ။” လို့ မိသားစုဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အမျိုးသမီးတစ်ဦးက ဦးခေါင်းထိမှန်သွားပြီး ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးကတော့ ညာဖက်လက်မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားတာ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလားလဲကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂၃၅ဦး သေဆုံးသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးထိမှန်ခဲ့သော ပြည်သူတဦး
spot_img
spot_img