မြန်မာ၌ စာနာမှုအကူအညီများ ပေးအပ်နိုင်ရန်အတွက် တိုက်ပွဲရပ်နားမှု ဖြစ်မြောက်စေရေး လုပ်ဆောင်ရန် အာဆီယံကို ကုလသံတမန် တိုက်တွန်း

မြန်မာ၌ စာနာမှုအကူအညီများ ပေးအပ်နိုင်ရန်အတွက် တိုက်ပွဲရပ်နားမှု ဖြစ်မြောက်စေရေး လုပ်ဆောင်ရန် အာဆီယံကို ကုလသံတမန် တိုက်တွန်း

ဇန်နဝါရီ ၁၃

စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အလို့ငှာ တိုက်ခိုက်မှုများ ရပ်စဲခြင်းကို ဖြစ်မြောက်စေရန်အတွက် ကုလသမဂ္ဂနှင့် လက်တွဲလုပ်ဆောင်ရန် မြန်မာဆိုင်ရာ ကုလအထူးသံတမန်ဖြစ်သူက အာဆီယံကို တိုက်တွန်းခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်း ဟေဇာက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ မြန်မာနိုင်ငံအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ြခင်းအတွက် အကြမ်းဖက်မှုကို ချက်ချင်း ရပ်စဲခြင်းနှင့် သက်ဆိုင်သူအားလုံး၏ အစွမ်းကုန် ထိန်းသိမ်းသည်းခံမှုက အဓိကကျသည်ဟု သူမက ပြောသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မည်ကဲ့သို့ ဆက်ဆံမလဲ ဆိုသည်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား သဘောကွဲလွဲမှု လက္ခဏာရပ်များ ရှိနေချိန် ဟေဇာ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ဆက်ဆံမှုကို ပိုမို လိုလားကြောင်း ပြသထားသော်လည်း မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့သော အဓိကအဖွဲ့ဝင်နိုင်ငံများကမူ ဘုံသဘောတူညီချက် ငါးချက် အစီအစဥ်ကို အပြည့်အဝ အကောင်အထည်မဖော်နိုင်မချင်း မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို ဆက်လက်ပြီး သီးခြားခွဲထုတ်ထားရန်ကို အခိုင်အမာ ပြောဆိုနေကြသည်။

အာဆီယံအုပ်စုအတွင်း အမြင်သဘောကွဲမှုများ ရှိနေချိန် လာမည့်အပတ်တွင် ကျင်းပရန် စီစဥ်ထားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယခုအခါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ရပြီ ဖြစ်သည်။

ထို အစည်းအဝေး ရွှေ့ဆိုင်းရခြင်းမှာ အစီအစဥ် အချိန်ဇယား တိုက်ဆိုင်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘောဒီးယားက ပြောဆိုထားသော်လည်း သံတမန် ရင်းမြစ်များက ပြောကြားရာတွင် ယင်းရွှေ့ဆိုင်းမှုက အသရေဆည်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်ဝန်ကြီးအချို့က သပိတ်မှောက်မှု ပုံစံတစ်ခုအဖြစ် ယင်းအစည်းအဝေးကို တက်မည်မဟုတ်ဟု အရိပ်အမြွက် ပြောထား၍ဖြစ်ကြောင်း ပြောဆိုကြသည်။

ဟွန်ဆန်၏ ဆက်ဆံဆွေးနွေးမှု မဟာဗျူဟာကို ဆန့်ကျင်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပြီးခဲ့သည့်အပတ်က ကမ္ဘောဒီးယားခေါင်းဆောင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ဆုံးဖြတ်ချက်ကိုလည်း သဘောမကျဖြစ်နေခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly