Home သတင်း စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုရန် KNU အား စစ်အာဏာရှင်ကျဆုံးရေး လှုပ်ရှားသူများ မေတ္တာရပ်ခံ

စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုရန် KNU အား စစ်အာဏာရှင်ကျဆုံးရေး လှုပ်ရှားသူများ မေတ္တာရပ်ခံ

998
Photo: MOIP

မတ်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ထိန်းချုပ်သည့် မြို့နယ်များတွင် စစ်ကောင်စီ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်းစီမံချက်”ဖြင့် ဒေသခံများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်မည့်ကိစ္စကို KNU ခေါင်းဆောင်များအနေဖြင့် ခွင့်မပြုရန် စစ်အာဏာရှင်ကျဆုံးရေးလှုပ်ရှားနေသည့် ဒေသခံလူထုများက မေတ္တာရပ်ခံလိုက်သည်။

စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးမည့်အစီအစဉ်သည် ၎င်းတို့အာဏာတည်မြဲရေး ဆောင်ရွက်သည့်ကိစ္စဖြစ်သည့်အတွက် KNU ခေါင်းဆောင်များကို ယခုလို မေတ္တာရပ်ခံရခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင်ရှိ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဦးဆောင်လှုပ်ရှားသူတစ်ဦးက ပြောသည်။

၎င်းက “ဒီကာလဟာ သူတို့ဘာလုပ်လုပ် ယုံကြည်လို့မရဘူးပေါ့နော်။ သူတို့အာဏာတည်မြဲရေးအတွက် လုပ်တာပါ။ သူတို့ယန္တရားလည်ပတ်နိုင်အောင် လုပ်ဆောင်နေကြတာပါ။ လူထုကိုသတ်ဖြတ်ဖမ်းဆီးနေတဲ့အချိန် သူတို့ရဲ့ မှတ်ပုံဟာ အရေးမကြီးနေဘူး ထင်တယ်။ ပြည်သူထဲကပေါက်ပွားလားတဲ့ KNU ခေါင်းဆောင်တွေကို လုံးဝ ယုံကြည်တယ်။ လက်မခံပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံမြို့၊ ဘုရားသုံးဆူမြို့များရှိ ကျေးရွာအုပ်စုများတွင် “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေးအတွက် KNU တပ်မဟာ ၆ တပ်မဟာမှူးမှခွင့်ပြုချက်ရယူထားပြီးဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့တွင် သက်ဆိုင်ရာ စစ်ကောင်စီ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံပေးပို့သည့် အသိပေးစာတွင် ဖော်ပြထားသည်။

လာမည့် ဧပြီလမှစပြီး ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဟု ဒေသခံလူထုများမှ သိရှိနားလည်ထားကြသည့်အတွက် ဒေသခံအချို့က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ဆန္ဒရှိနေကြသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီ၏ ပန်းခင်းစီမံချက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် KNU ဒူးပလာယာခရိုင်၏ မြို့နယ် များရှိ သတ်မှတ်ထားသည့်နေရာအချို့တွင်သာ လုပ်ငန်းဆောင်ရွက်နေမှုရှိပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ခွင့်ပြုထားခြင်းမရှိသေးကြောင် KNU ဒူးပလာယာခရိုင် ခေါင်းဆောင်များက ပြောသည်။

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲ ထားသော စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာရန် KNU ဒူးပလာယာခရိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ မတ်လ ၇ရက် နေ့စွဲဖြင့် အသိပေးအကြောင်းကြားခဲ့သလို ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအားလုံး ထွက်ခွာသွားကြရန် ကေအဲန်ယူ-ကောကရိတ်မြို့နယ်က မတ်လ ၁၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားမှုများရှိသည်။

ထိုသို့ အသိပေးစာများ ထုတ်ပြန်ခဲ့ပြီးနောက် ကေအဲန်ယူ ဒူးပလာယာခရိုင်နယ်မြေတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး သောင်းနှင့်ချီသော ဒေသခံပြည်သူများမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။