တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲစခန်းကို CDM ရဲတပ်ဖွဲ့က သတိပေး ပစ်ခတ်မှုပြုလုပ်

တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲစခန်းကို CDM ရဲတပ်ဖွဲ့က သတိပေး ပစ်ခတ်မှုပြုလုပ်

မတ် ၂၉

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို Fight Police CDM (Tamu)က မတ်လ ၂၇ရက် နံနက် ၈နာရီခွဲခန့်အချိန်က သတိပေးသည့်အနေဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“ကျနော်တို့ လူကိုပစ်သတ်ချင်ရင်သတ်ခဲ့လို့ရတဲ့အခြေအနေမျိုးပါ၊ အခုတစ်ကြိမ်တော့ နောက်ဆုံးအကြိမ် သတိပေးတာ လုပ်မယ်ဆိုပြီး ရည်ရွယ်ထားခဲ့တဲ့အတွက် အသိပေးပစ်ခတ်ခဲ့တာပါ” ဟု Fight Police CDM (Tamu) ခေါင်းဆောင် ဒီမိုထူးက ပြောသည်။

ထိုသို့ သတိပေး ပစ်ခတ်ခြင်းမှာ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား အမြန်ဆုံး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ထံ ခိုလုံလာစေရန် ရည်ရွယ်ကြောင်းဆိုသည်။

ဘုက္ကန်ရဲစခန်းသည် အင်အား ၁၅ဦးခန့် ရှိပြီး ခရီးသွား ကားများထံမှ ပိုက်ဆံတောင်းခြင်း ၊ အိန္ဒိယ ဘက်သို့ သစ်ခိုးထုတ်သည့် ကားများထံမှလည်းဆက်ကြေးကောက်ခံ နေကြောင်း ၎င်းကပြောသည်။

ယခုသတိပေးချက်အား မလိုက်နာဘဲ စစ်ကောင်စီအလိုကျ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ပြီး ဆက်လက်တာဝန်ထမ်းဆောင်နေပါက ၎င်းတို့အနေဖြင့် တွေ့သည့်နေရာတွင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Fight Police CDM (Tamu)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၂ရက်နေ့ကလည်း နယ်မြေသတင်းရယူစုံစမ်းနေစဉ် မြို့မ ၁၃ရပ်ကွက် Best One အနောက်ဘက်ချောင်းဘေး၌ တမူးမြို့မ ရဲစခန်းတွင်တာဝန်ထမ်းဆောင်နေ သော ရဲတပ်သား မျိုးမြင့်ဆွေအား ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့် သွားရောက် သုတ်သင်ရှင်းလင်းပြီး ၎င်းနှင့်အတူပါလာသော FZ အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် ဓါးတစ်ချောင်း သိမ်းဆည်းခဲ့ကြောင်း Fight Police CDM (Tamu)၏ ထုတ်ပြန်ချက်အရ သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#တမူးမြို့

#CDMရဲတပ်ဖွဲ့

#FightPoliceCDM (Tamu)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly