မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က မတ် ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ လောက်ကို မတ် ၂၂ ရက်က ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့နဲ့ မြိုင်မြို့နယ်တောင်ပိုင်း တော်လှန်ရေး အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၇ ယောက်လောက် သေဆုံးခဲ့တာလို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"သရက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေကို ကျနော်တို့ဘက်က ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ပါ ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၇ ယောက်လောက် သေဆုံးခဲ့တာ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာ တနာရီကျော်လောက် ကြာတယ်ဗျ။ နောက်ပိုင်းမှာတော့ သူတို့ဘက်က အထိနာပြီး ပြန်မပစ်နိုင်တော့ဘူး။ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အလောင်းတွေကို သရက်ကန်ရွာ သင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်လို့ စုံစမ်းသိရပြီး နောက်ရက်မှာ ဒဏ်ရာရလူနာတွေကို လာသယ်သွားကြတယ်။"
နှစ်ဖက်တိုက်ပွဲအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်မှသာ ထုတ်ပြန်ရတာကြောင့် သတင်းထုတ်ပြန်တာ နောက်ကျရတာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။