KNU နယ်မြေကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

KNU နယ်မြေကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

မတ် ၂၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်)၊ လူသောမြို့နယ်ရှိ ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု အတွင်းရှိ ဒေဘုနိုရွာ၏ အထက်တန်းကျောင်းဝင်းဟောင်းနှင့် ထီးလေးကွီးကျေးရွာများ အတွင်းသို့ ဗုံးသီး တစ်လုံးစီ လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNU က ပြောသည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများနှင့် နေအိမ်တချို့ ထိမှန် ပျက်စီးမှုများ ရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီက ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် တစ်ဖက်တွင်လည်း အရပ်သားကျေးရွာများ အပေါ် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ် နယ်မြေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် များဖြင့် မကြာခဏ လာရောက် ပစ်ခတ်မှုများ ရှိနေပြီး မတ်လ ၂၅ ရက်နေ့တွင် လာရောက် ကင်းထောက်သော စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီး ပစ်ခတ်ခံရပြီး ပျက်စီးမှုများ ရှိခဲ့ကြောင်း KNU ဘက်က သတင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် တိုင်းရင်းသား လူမျိုးများနှင့် ပြည်သူလူထု တစ်ရပ်လုံးတို့ အပေါ်တွင် လူသား မဆန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက် ဖိနှိပ်မှုများကို ယနေ့အချိန် ကျူးလွန်နေကြောင်း KNU က ဆိုသည်။

ယင်းကြောင့် တပ်မတော်နေ့ အဖြစ် သတ်မှတ်ထားသော မတ်လ ၂၇ ရက်နေ့သည် မြန်မာပြည်သူများ အတွက် ဝမ်းနည်း ကြေကွဲဖွယ်ရာ နေ့တစ်နေ့ ဖြစ်ကြောင်း ယနေ့တွင် KNU ဗဟိုက သတင်း ထုတ်ပြန်ထားသည်။

#Mizzima

#KNU

#မူတြော်ခရိုင်

#လူသောမြို့နယ်

#တိုက်လေယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly