မြောင်းမြအကျဉ်းထောင်ရှေ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်စေပြီး မီးသတ်ပိုက်ဖြင့် လူစုခွဲစေရန် လုပ်ဆောင်ခဲ့ရတဲ့ မီးသတ်ရဲဘော်တစ်ဦး နယ်ပြောင်းခံရ

မြောင်းမြအကျဉ်းထောင်ရှေ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်စေပြီး မီးသတ်ပိုက်ဖြင့် လူစုခွဲစေရန် လုပ်ဆောင်ခဲ့ရတဲ့ မီးသတ်ရဲဘော်တစ်ဦး နယ်ပြောင်းခံရ

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးထားမှုမှာ ပြန်လည်လွှတ်ပေးရန်အတွက် ဖေဖေါ်ဝါရီလ ၁၆ရက်နေ့က မြောင်းမြအကျဉ်းထောင်ရှေ့မှာ ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်နှိမ်နင်းနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စင်းကို အဖြူရောင်ပြောင်းကာ အသုံးပြုခဲ့တာပါ။ မီးသတ်ယာဉ်ကို ထိန်းသိမ်းမောင်နှင်ဖို့အတွက် ရဲတပ်ဖွဲ့မှ ကျွမ်းကျင်ဝန်ထမ်းမရှိတာကြောင့် မီးသတ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦးကို ရဲတပ်ဖွဲ့ဝတ်စုံများ ဝတ်ဆင်စေပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို မီးသတ်ပိုက်များထိုးကာ လူစုခွဲစေခဲ့ပါတယ်။ ပြည်သူများရဲ့ မှတ်တမ်းတင်ထားမှုအရ အခင်းဖြစ်စဉ်နေ့မှာ ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့တဲ့ ရေကားဟာ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားကို အသွင်ပြောင်းထားခြင်းဖြစ်ပြီး ရေပိုက်ကို အသုံးပြုကိုင်တွယ်ခဲ့သူများဟာလဲ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်အပြီးတော့ သတင်းမီဒီယာဌာနများ ပုံများပျံ့နှံ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝတ်စုံဝတ် မီးသတ်ရဲဘော်ကို မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့မှ အိမ်မဲမြို့နယ် မီးသတ်တပ်ဖွဲ့ကို နယ်ပြောင်းရွှေ့လိုက်တာပါ။

မီးသတ်တပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်စေပြီး ခိုင်းစေခဲ့တာကို သက်ဆိုင်ရာဌာန လူကြီးများက အတည်မပြုပေးခဲ့ပေမဲ့ အမည်မဖော်လိုသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကတော့ “၁၂ရက်လောက်ထဲက ကျွန်တော်တို့ဆီက မီးသတ်ကားနှစ်စင်းကို လာယူသွားပြီး ဆေးအဖြူမှုတ်တယ် ဒီသတင်းကပျံ့သွားတော့ တစ်စင်းကို ဆေးအနီချက်ခြင်းပြန်မှုတ်ပြီး ပြန်လာထားတယ်၊ တစ်စင်းကိုတော့ ဆက်ယူထားတယ်၊ ရဲဝတ်စုံတွေက လာပေးထားတာ များတော့များတယ် အဲ့အပိုင်းကို သေချာမသိဘူး၊ ထောင်ရှေ့မှာဖြစ်တဲ့နေ့ ကျွန်တော်တို့ဆီက သုံးယောက်ကို သူတို့အသုံးချသွားတာ ပိုက်ကိုင်တဲ့ကောင်က ဖေ့ဘွတ်မှာပုံတွေ တက်လာတော့ လူသိမှာဆိုးပြီး အိမ်မဲကိုပြောင်းပလိုက်တယ်၊ အဲ့နေ့က ကျွန်တော်တို့ စခန်းထဲမှာ တော်တော်ပြသနာတက်ကြတယ်၊ ကျွန်တော်တို့ အသုံးချခံရတာကို မကျေနပ်ကြပေမဲ့ သူတို့က ဝိုင်းဖိထားတော့ မပြောရဲကြဘူး”လို့ ဆိုပါတယ်။

ထို့နေ့ဖြစ်စဉ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲတပ်ဖွဲ့မှ ရေပိုက်ဖြင့် လူစုခွဲခြင်းသာမက မျက်ရည်ယိုဗုံးများ အလုံးရေ ၂၀ခန့်၊ ရာဘာကျည် အချက် ၃၀ခန့် ပစ်ဖောက်ကာ လူစုခွဲခဲ့ကြပြီး ပြည်သူ ၉ဦးဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly