Friday, April 19, 2024

မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးကို စစ်ကောင်စီတို့က ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန်းဟန်ကျေးရွာရှိ ယာခင်းအတွင်းတွင် အလုပ် လုပ်နေသည့် အသက် ၅၃ နှစ်ရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်။

“သူက ခြံထဲမှာ အလုပ်လုပ်နေတဲ့အချိန် စစ်သားတွေက သူ့ကို လာဖမ်းပြီး ဘာတွေပြောနေကြလဲ မသိဘူး၊ ပြီးတော့ ရိုက်တာ၊ နောက်တော့ သေနတ်နဲ့ ပစ်သတ်သွားတယ်” ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့၏ ပစ်သတ်ခြင်းကို ခံရသည့် အမျိုးသားသည် ကချင်လူမျိုးတစ်ဦးဖြစ်ပြီး မိသားစုကို တောင်ယာအလုပ် လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးနေသည့်သူဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှ စတင်ကာ မန်းဟန်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းချီတက် ရောက်ရှိနေခြင်းဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA)နှင့်လည်း နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

“မနေ့က ဒီမန်းဟန်နားမှာလည်း တိုက်ပွဲဖြစ်ပါတယ်၊ ဒီက စစ်သား (ဗမာစစ်သား)တွေကလည်း မုံးကိုးဘက်ကို ချီတက်ဖို့ လုပ်နေကြတာတဲ့၊ သူတို့ အင်အားတော်တော်များတယ်” ဟု အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မူဆယ်မြို့နယ်အတွင်းရှိ မန်းဟန်ကျေးရွာအုပ်စု၊ မန်းဟန်ကျေးရွာသည် ကချင်လူမျိုး အများဆုံး နေထိုင်သည့် ကျေးရွာဖြစ်ပြီး အိမ်ထောင်စုပေါင်း (၇၀)ခန့်ရှိပြီး လူဦးရေ (၅၀၀)ဝန်းကျင်နေထိုင်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article